ကလေးတို့အတွက်ပုံပြင် Ryan Hreljac (အပိုင်း ၁)

ကလေးတို့အတွက်ပုံပြင် (၄၆) Ryan Hreljac (အပိုင်း ၁)

(ဒီပုံပြင်ကရှည်လို့ data off လုပ်ပြီးမှဖတ်နော်။ ဒီတစ်ခါတော့ ဒိုင်ယာရီရေးသလိုပြန်ရေးပြချင်ပါတယ်ကွယ်)

ကလေးတို့ရေ …

ဒီနေ့ပြောပြမဲ့ပုံပြင်ထဲက ကလေးလေးက ကနေဒါနိုင်ငံကကွဲ့။ ကနေဒါနိုင်ငံဆိုတာဘယ်မှာလဲကလေးတို့သိလားကွယ်။ မသိယင် ဂူဂလ် မှာရှာကြည့်ကြနော်။ ကနေဒါနိုင်ငံဆိုတာအမေရိကန်နိုင်ငံရဲ့အထက်မှာရှိပြီးကမ္ဘာ့ဒုတိအကြီးဆုံးတိုင်းပြည်ဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာအင်္ဂလိပ်နဲ့ပြင်သစ်စကား အဓိကဘာသာကြီးနှစ်ခုပါဘဲကွယ်။ ကနေဒါ နိုင်ငံဟာကူးပြောင်းအခြေချ နေထိုင်သူ (migrant) တွေအများဆုံးသွားတဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ အေးချမ်းလှပသာယာပြီး၊ နိုင်ငံရေးအားဖြင့်လည်းတည်ငြိမ်မှုရှိတဲ့တိုင်းပြည်တစ်ခု၊ ကမ္ဘာ့နိုင်ငံအများကလေးစားရတဲ့တိုင်းပြည်တစ်ခုဖြစ်ပါတယ်။

အဲဒီကနေဒါနိုင်ငံမှာအသက် ၆ နှစ်အရွယ်ပဌမတန်းကျောင်းသားလေး Ryan Hreljac ဟာတစ်နေ့တော့အတန်းထဲမှာကြားခဲ့တဲ့သူ့ဆရာမရဲ့စကားလေးတစ်ခုကသူ့ဘ၀ကိုပြောင်းလဲပစ်ခဲ့ပါတယ်ကွယ်။ ဟင်နရီလေးရဲ့မိဘဘိုးဘွားတွေဟာဥရောပတိုက်ကလာတယ်ထင်ပါတယ်။ သူတို့ရဲ့မျိုးရိုးနာမယ် Hreljac ကိုအသံထွက်ရတာခက်လို့ဒီကလေးလေးကို ရိုင်ယန် (Ryan) လို့ဘဲခေါ်ကြရအောင်နော်။

အဲဒီနေ့ကအတန်းထဲမှာ ရိုင်ယန့်ဆရာမကအာဖရိကတိုက်က ကလေးတွေအကြောင်းပြောပြပါတယ်။ အာဖရိကတိုက်က ကလေးတွေဟာမနက်ဆို ၄ မိုင်နီးပါးလမ်းလျှောက်ပြီးရေတွင်းမှာရေသွားသယ်ရပါတယ်။ ပြီးမှကျောင်းသွားရပါ တယ်။ လူ့ဘ၀မှာအခြေခံအကျဆုံးဖြစ်တဲ့ရေသန့်ကိုမရတဲ့အခါလူတွေ၊ အထူးသဖြင့်ကလေးတွေနာမကျန်းဖြစ်ကြရပါတယ်။ “မသန့်ရှင်းတဲ့ရေကိုသောက်ကြရလို့အာဖရိကတိုက်မှာကလေးတွေဟာထောင်ဂဏန်းနဲ့ချီပြီးသေကြရတယ်။ လက်နဲ့နှိပ်ပြီးရေစုပ်တဲ့ပမ့်(ပ်) တစ်ခုကိုဒေါ်လာ ၇ဝ ဘဲကျတယ်” ဆိုတာကြားတော့ ရိုင်ယန့်မျက်နှာရှုံ့မဲ့သွားပါတယ်။

ရိုင်ယန်လေးဟာသူ့မိဘတွေဆီကနေအဲဒီညနေမှာဘဲ ‘အာဖရိကတိုက်မှာရေတွင်းတူးဘို့’ ဆိုပြီးဒေါ်လာ ၇ဝ တောင်းခဲ့ပါတယ်။ မိတွေက “ဘာလုပ်ဖို့လဲ” ဘာညာမဆူခဲ့ကြပါဘူး။ ရိုင်ယန့်စိတ်ဓါတ်ကိုချီးမွန်းပြီးမတတ်နိုင်ကြောင်းပြောပြတော့ရိုင်ယန်လေးငိုင်သွားပါတယ်။ ဒါပေမဲ့နောက်နေ့ညနေထမင်းဝိုင်းမှာမျက်ရည်တွေဝဲနေတဲ့ရိုင်ယန်လေးကစကားစပြန်ပါတယ်။ “အဖေနဲ့အမေတို့မသိသေးပါဘူး။ ကလေးတွေဟာရေသန့်မရလို့သေနေကြပါတယ်” တဲ့။ ဒီတစ်ခါငိုင်ရသူတွေကမိဘတွေဘဲဖြစ်ပါတယ်။ သူတို့သားလေးဟာသနားတတ်၊ ခံစားမှုကြီးတတ်၊ စိတ်ဓါတ်ကြီးသူတစ်ယောက်ဖြစ်နေတာတွေ့ရလို့ပါဘဲ။ ရိုင်ယန့်ကိုသူ့မိဘတွေက “တော်စမ်း။ နောက်ထပ်ဒီစကားမကြားချင်ဘူး။ ပိုက်ဆံဆိုတာမိုးပေါ်ကကျလာတာမဟုတ်ဘူး” တို့၊ “မင်းကအာဖရိကအကြောင်းဘာနားလည်လို့လဲ” ဆိုတာမျိုးတွေမပြောခဲ့ပါဘူးကွယ်။

ရိုင်ယန့်မေမေက “မင်းအိမ်အလုပ်တွေလုပ်တိုင်း ၂ ဒေါ်လာပေးမယ်” လို့ပြောခဲ့ပါတယ်။ ရိုင်ယန်လေးဟာအိမ်ကို vacuum cleaner နဲ့ clean လုပ်၊ ပြူတင်းပေါက်မှန်တွေဆေးနဲ့အိမ်အလုပ်တွေစလုပ်ခဲ့ပါတော့တယ်။ ခြောက်နှစ်သားလေးနော်။ လှေခါးနဲ့တက်ပြီးအိမ်ပြူတင်းပေါက်တွေဆေးရမယ်ထင်ပါတယ်ကွယ်။

ရေလိုချင်ယင်ရေပိုက်လှည့်ဖွင့်ယုံဘဲလုပ်ရတဲ့ ရိုင်ယန်ကလေးဟာအာဖရိကတိုက်ကသူ့ညီအကိုမောင်နှမတွေကိုကူညီဘို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ “ဒီကလေးတွေဘို့သူရေတွင်းတစ်တွင်းတူးပေးမယ်” ဆိုပြီးဆုံးဖြတ်ချက်ချခဲ့ပါတယ်ကွယ်။

မူလတန်းကျောင်းတွေမှာတနင်္လာနေ့မနက်ဆိုတစ်ကျောင်းလုံးအစည်းအဝေးတက်ရပါတယ်ကလေးတို့ရေ။ များသောအားဖြင့်အရိပ်အခင်းကာထားတဲ့မြက်ခင်းတို့၊ ကစားကွင်းတို့လိုနေရာမှာကျောင်းသားကျောင်းသူတွေကြမ်းပေါ်ထိုင်ကြ၊ ဆရာဆရာမနဲ့ကျောင်းအုပ်ကြီးကခုံတွေနဲ့ထိုင်ကြ၊ မိဘတွေကအပြင်မှာကလေးတွေကိုဝန်းရံပြီးရပ်ကြနဲ့၊နာရီဝက်အစည်းအဝေးလုပ်ကြပါတယ်။ ကျောင်းအုပ်ကြီးကမိန့်ခွန်းတိုတိုပြော၊ ဆရာဆရာမတွေကပြောစရာရှိတိုတိုပြော၊ မိဘတွေကျောင်းသားကျောင်းသူတွေထဲကပြောစရာရှိယင်ပြော၊ အဲဒါတွေအားလုံးပြီးသွားယင်ဒီတစ်ပတ်၊ အားကစားတို့၊ အတတ်ပညာတို့ (ကျောင်းပြင်မှာ) ထူးချွန်မှုရတဲ့ကလေးတွေကသူတို့ဆုတွေပြပြီးစကားနည်းနည်းပြောကြ၊ အနုပညာမှာထူးချွန်တဲ့ကလေးတွေကလည်းသူတို့ရဲ့တူရိယာပစ္စည်းတွေတီးပြကြနဲ့ပျော်စရာလည်းကောင်းပါတယ်ကွယ်။ အနောက်နိုင်ငံကလူတွေကကလေးတွေစကားပြောယင်၊ ဖျော်ဖြေယင်အာရုံအပြည့်နဲ့နားထောင်တတ်၊ အားပေးတတ်တယ်။ သူတို့ကစကားပြောယင်လည်းတိုးတိုးလေးတွေကွဲ့။ အသံထွက်ယုံပါးစပ်လှုပ်ယုံဘဲ။ ဆူဆူညံညံလုပ်တာမကြိုက်ကြဘူး။ ရိုင်ယန်ကသူ့စီမံကိန်းမှာဝိုင်းဝန်းပါဝင်ကူညီကြဘို့ဒီကျောင်းအစည်းအဝေးမှာသူ့စီမံကိန်းအကြောင်းစကားတက်ပြောခဲ့ပါတယ်။ ရိုင်ယန်လေးဟာလှိုက်လှိုက်လှဲလှဲနဲ့ဆွဲဆွဲဆောင်ဆောင်စကားပြောနိုင်သူဖြစ်ပါတယ်။

ဒီသတင်းကိုရိုင်ယန့်အဘိုးကကြားတော့ရိုင်ယန်တို့ညီအစ်ကိုသုံးယောက်ကိုထင်းရူးသီးခြောက်ကြီးတွေလိုက်ကောက်ဘို့အလုပ်ပေးခဲ့ပါတယ်။ အဲဒါတွေနဲ့အိမ်အလှပြပစ္စည်းတွေလုပ်လို့ရပါတယ်။ တစ်အိတ်ကို ၁၀ ဒေါ်လာပေးခဲ့ပါတယ်။

ရိုင်ယန်ရဲ့ဆောင်းဦးရာသီ (spring) ပညာရေးအစီရင်ခံစာ report card ရောက်လာတော့အမှတ်ကောင်းတွေချည်းရခဲ့ လို့သူ့မိဘတွေကရိုင်ယန်ကို ၅ ဒေါ်လာမုန့်ဘိုးပေးခဲ့ပါတယ်။ အဲဒီပိုက်ဆံလည်း ‘ရေကရားစီမံကိန်း’ ဘို့လုပ်ထားတဲ့စုဘူးထဲကိုရိုင်ယန်ထည့်ခဲ့ပြန်ပါတယ်။ ရိုင်ယန်ဟာအလုပ်လုပ်လို့ရတဲ့ပိုက်ဆံမှစုတာမဟုတ်ပါဘူး။ အကြွေကစစုခဲ့ပါတယ်။ သူ့အတန်း သားတွေကလည်းအကြွေလေးတွေကိုစုဘူးလေးတွေနဲ့ဝိုင်းစုပေးခဲ့ကြပါတယ်။

၇၅ ဒေါ်လာရတဲ့နေ့မှာရိုင်ယန့်မေမေဟာရိုင်ယန့်ကို အာဖရိကတိုက်မှာမေတ္တာနဲ့ရေတွင်းတွေတူးပေးတဲ့ကုမ္ပဏီဥက္ကဌဆီကိုခေါ်သွားပါတယ်။ ဥက္ကဌရှေ့ကိုရိုင်ယန်ကသူ့စုဘူးလေးတွန်းပေးပြီး “အဲဒီထဲမှာ ၅ ဒေါ်လာပိုပါတယ်။ အဲဒီပိုက်ဆံနဲ့တွင်းတူးတဲ့လူတွေနေ့လည်စာပူပူနွေးနွေးဝယ်စားပါစေ” လို့ပြောခဲ့ပါတယ်။

ဥက္ကဌကရိုင်ယန်ကိုပြုံးပြီးရှင်းပြပါတယ်။ “ဒေါ်လာ ၇၀ နဲ့ဆိုယင်ရေစုတ်တဲ့ပမ့်(ပ်) တစ်လုံးရတယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ရေတွင်းတစ်လုံးတူးဘို့တစ်ကယ်ကုန်တာကဒေါ်လာ ၂ဝဝဝ ဖြစ်ပါတယ်” တဲ့။ ရိုင်ယန်ကပါးစပ်အဟောင်းသားဖြစ်မသွားပါဘူး။ ခပ်သွက်သွက်ဘဲပြန်ပြောခဲ့ပါတယ်။ “ဒါဆိုကျွန်တော်အလုပ်ထပ်လုပ်မယ်” တဲ့။

ဥက္ကဌကြီးကလည်းကလေးဆိုပြီးတော့ “ကျေးဇူးတင်ပါတယ်။ ထားခဲ့ပါ။ သွားတော့”ဆိုတာမျိုးမလုပ်ခဲ့ပါဘူး။

အဲဒီညကရိုင်ယန့်မေမေနဲ့ဖေဖေအိပ်ယာထဲထိုင်ပြီးခေါင်းချင်းရိုက်ကြပါတော့တယ်ကွယ်။ “အစက ၇ဝ ထဲထင်နေခဲ့တာအခု ၂ဝဝဝ ရှာရတော့မယ်” တဲ့၊ ရိုင်ယန့်မေမေကပြောခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံဟာငွေကြေးချမ်းသာသူတွေမဟုတ်ကြပါဘူးကွယ်။ သူမဟာစာရေးမတစ်ဦးဖြစ်ပြီးသူ့ခင်ပွန်းဟာရဲတစ်ဦးဖြစ်ပါတယ်။ အနောက်နိုင်ငံကရဲတွေဟာလာဘ်မယူကြဘူးကွဲ့။ သူတို့ဟာဥပဒေမျက်နှာကိုဘဲကြည့်တယ်။

ကနေဒါအပြည်ပြည်ဆိုင်ရာဖွံဖြိုးမှုအသင်းက ရိုင်ယန်လေးသာဒေါ်လာ ၇ဝဝ ရှာနိုင်ယင်စုဆောင်းရရှိတဲ့အလှူငွေတွေရဲ့ ၂ ဆထပ်ဖြည့်ပေးမယ်လို့ပြောခဲ့ပါတယ်။ ရိုင်ယန့်မေမေရဲ့သူငယ်ချင်းတစ်ယောက်ကအဲဒီသတင်းကိုသိသွားတော့သူ့ ဆွေမျိုးတွေသူငယ်ချင်းတွေဆီ အီးမေး(လ်) ပို့ပြီးအကူအညီတောင်းခဲ့ပါတယ်ကွယ်၊ နောက်နေ့ဘဲအဲဒီအမျိုးသမီးကြီးရဲ့မောင်ဝမ်းကွဲက ရိုင်ယန်စုထားမိသလောက်ပမာဏကိုသူကပြန်ပြီးအညီအမျှလှူတန်းမယ်လို့အီးမေး(လ်) နဲ့ကတိပေးခဲ့ပါတယ်။ နောက်လအနည်းငယ်အကြာမှာတော့ အစောင်ရေ ၅၅ဝဝ ထုတ်ရတဲ့မြို့နယ် (အခမဲ့) အပတ်စဉ်သတင်းစာလေးမှာ “ရိုင်ယန့်ရေတွင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ပုံပြင်တစ်ပုဒ်ပါလာပါတော့တယ်ကွယ်။ (ဒီအပတ်စဉ်သတင်းစာတွေအကြောင်းဦးဦးတင်ခဲ့တဲ့ ‘ကစယ်(န်)ဒရာ လင်း(န်)’ ဆိုတဲ့ပို့စ်မှာပါပြီးပြီနော်)

ဒီလိုနဲ့ရိုင်ယန်ဟာအိမ်အလုပ်တွေလုပ်လိုက်၊ ရတဲ့ပိုက်ဆံလေးကို ‘ရေကရား’ ဆီပို့ပေးလိုက်နဲ့တစ်နှစ်ကြာခဲ့ပါတယ်။ ဒီကြားထဲမှာရိုင်ယန့်မေမေဟာသူနဲ့သိတဲ့သတင်းဂျာနယ်သမားတစ်ဦးနဲ့တွေ့တော့ရိုင်ယန့်အကြောင်းပြောပြပါ တယ်။ အဲဒီပုဂ္ဂိုလ်က ရိုင်ယန့်ကိုအင်တာဗျူးလုပ်ခဲ့ပါတယ်။ သတင်းစာကြီးတစ်စောင်ကလည်းဓါတ်ပုံရိုက်ဖို့သတင်းထောက်တစ်ဦးလွှတ်ပေးခဲ့ပါတယ်။ ရိုင်ယန်လေးဟာမနက်တိုင်းသတင်းစာလှန်ကြည့်ပေမဲ့သူ့သတင်းကပါမလာပါဘူးကွယ်။

အဲဒီအချိန်မှာရိုင်ယန့်ပိုက်ဆံက ဒေါ်လာ ၇ဝဝ ပြည့်သွားပါတယ်။ အခုနရေးပြခဲ့တဲ့ ‘ရေကယား’ စီမံကိန်းဌာနကလူတွေကရိုင်ယန်နဲ့သူ့မေမေကိုဖိတ်ကြားခဲ့ပါတယ်။ “ရိုင်ယန့်ဘက်ကသာ ၇ဝဝ ပြည့်ယင်ရေတွင်းတစ်တွင်းစာရပြီ” လို့စောစောကသူတို့ကတိပေးခဲ့တာမှတ်မိတယ်နော်။

ရိုင်ယန်လေးက “သူ့ရေတွင်းကိုကျောင်းတစ်ခုနဲ့နီးတဲ့နေရာမှာတူးလို့ရမလား” လို့မေးခဲ့ပါတယ်။ စီမံကိန်းဌာနကဒါရိုက်တာကရှည်လျားလှတဲ့ ‘ရေတွင်းလိုအပ်နေသောနေရာများ’ စာရင်းကြီးကိုကြည့်ပြီးတော့ “ယူဂန္ဓာ နိုင်ငံ မြောက်ပိုင်းကမူလတန်းကျောင်းကလေးဘေးမှာရေတွင်းတစ်ခုတူးပေးနိုင်တယ်” လို့ပြန်ပြောခဲ့ပါတယ်။

ဒါရိုက်တာက ရိုင်ယန်ကိုရေတွင်းတူးပုံအကြောင်းရှင်းပြပါတယ်။ “၆ လက်မလောက်ကျယ်တဲ့မြေနက်တွင်းအရှည်ကြီးတွေကိုလူ ၂၀ လောက်လက်နဲ့လှည့်ပြီး ၁၀ ရက်လောက်တူးရပါတယ်။ တွင်းတူးတဲ့စက်ရှိယင်ရေတွင်းတွေအများကြီးပိုတူးနိုင်ပါတယ်။ အဲဒီစက်ကိုလည်းထရပ်(ခ) ကားပေါ်တင်ပြီးသယ်ရတာလွယ်ကူတယ်” တဲ့။ “ဒါပေမဲ့အဲဒီစက်တစ်ခုကိုဒေါ်လာ ၂ သောင်း ၅ ထောင်ကျတယ်” တဲ့။ ဒါရိုက်တာကြီးပြောတာကို ၇ နှစ်သားရိုင်ယန်လေးကသေသေချာချာနားထောင်နေပါတယ်။ ပြီးတော့ “ အဲဒီစက်ဘိုးရအောင်ကျွန်တော်ရှာမယ်” တဲ့။

အဲဒီညမှာရိုင်ယန့်မေမေနဲ့ဖေဖေအိပ်ယာထဲမှာခေါင်းချင်းရိုက်ပြန်ပါရောကွယ်။ ရိုင်ယန့်မေမေက ရိုင်ယန့်ဖေဖေကို “အခုရှာရမဲ့ဂဏန်းက ၂၅ဝဝဝ ဖြစ်သွားပြီ” လို့ပြောပြခဲ့ပါတယ်။ ရိုင်ယန့်ဖေဖေမျက်နှာလေးညှိုးသွားပါတယ်။ ဒီတစ်ခါသူတို့ရဲ့သားလေးအရှုံးနဲ့တွေ့ရတော့မှာမို့လို့ပါ။

ရိုင်ယန့်မေမေဟာအခုနသတင်းစာကြီးဆီစာရေးခဲ့ပါတယ်။ “သူ့သားလေး အင်တာဗျူးဘယ်တော့ပါမှာလဲ” လို့မေးခဲ့ပါတယ်။ အယ်ဒီတာကနေ့လည်ပိုင်းမှာဖုန်းပြန်ဆက်ပါတယ်။ “မနက်ဖြန်ပါလိမ့်မယ်” တဲ့။

အဲဒီသတင်းပါလာတော့မြို့ကရုပ်မြင်သံကြားကရိုင်ယန်နဲ့အင်တာဗျူးလုပ်ချင်ကြောင်းကမ်းလှမ်းခဲ့ပါတယ်။ ကနေဒါတစ်ပြည်လုံးမှာရှိတဲ့တစ်ခြားသတင်းစာတွေကလည်းရိုင်ယန့်အကြောင်းဖေါ်ပြခဲ့ကြပါတယ်။ နောက်တစ်ပတ်ကြာတော့ ၂၅ ဒေါ်လာအလှူငွေချက်လက်မှတ်နဲ့စာလေးတစ်စောင်ရောက်လာပါတယ်။ စာထဲမှာတော့ “ဒီထက်ပိုကူညီနိုင်ယင်ကောင်းမယ်လို့ဆန္ဒပြုမိပါတယ်” ဆိုတဲ့စာတိုလေးတစ်စောင်ပါလာပါတယ်။ နောက်ရက်အနည်းငယ်မှာနောက်ဒေါ်လာ ၂၀ ချက်လက်မှတ်တစ်စောင်ထပ်ရောက်လာပါတယ်။ ရိုင်ယန့်အကြောင်း TV မှာကြည့်ရပြီးတွင်းတူးတဲ့ကုမ္ပဏီလေးတစ်ခုက ‘ရိုင်ယန့်ရေတွင်း’ အတွက် ဒေါ်လာ ၂၇ဝဝ လှူခဲ့ပါတယ်။ ၂လ အတွင်း မှာအလှူငွေ ၇ဝဝဝ ရခဲ့ပါတယ်။

ရိုင်ယန်ဟာအခု ၂ တန်းရောက်ပြီနော်။ သူ့အတန်းထဲကသူငယ်ချင်းတွေက ရိုင်ယန်ကိုကူညီချင်လို့ဆူညံနေတာဘဲတဲ့။ ရိုင်ယန့်အတန်းပိုင်ဆရာမက ‘တစ်ခြားကလေးတွေကိုဒီလောက်စိတ်ဓါတ်တက်ကြွအောင်လုပ်ပေးနိုင်တဲ့ကလေးသူ မတွေ့ခဲ့ဘူးဘူး’ တဲ့။ ဆရာမဟာအတန်းထဲက ကလေးတွေရဲ့မိဘတွေကိုအကြောင်းကြားပြီးတော့အတန်းထဲမှာရေကရားအလွတ်တစ်ခု ထားခဲ့ပါတယ်။ကလေးတွေကနေ့စဉ်ဘဲအကြွေတွေထည့်ခဲ့ကြပါတယ်။ ဆရာမကလည်းရိုင်ယန်ရေတွင်းတူးပေးချင်တဲ့နေရာကမူလတန်းကျောင်းသားလေးတွေဆီကိုစာရေးမိတ်ဖွဲ့တဲ့အစီအစဉ်တစ်ခုစခဲ့ပါတယ်။ ဆင်းရဲတဲ့တိုင်းပြည်တစ်ခုရဲ့ကျေးရွာဇနပုဒ်လေးမှာအီးမေးလ်ဆိုတာဘယ်ရှိနိုင်ပါ့မလဲကွယ်။ ရေတောင်သောက်စရာမရှိတာ။ ဝေးလံခေါင်းပါးတဲ့ဒေသမို့စာတိုက်တောင်မရှိပါဘူး။

ယူဂန္ဓာနိုင်ငံ နဲ့ ကနေဒါနိုင်ငံ တို့လက်တွဲလုပ်ဆောင်တဲ့ကူညီရေးအသင်းကြီးတစ်ခုကဒီကျောင်း ၂ ကျောင်းရဲ့စာတွေကိုအပြန်အလှန်ပို့ပေးဘို့တာဝန်ယူခဲ့ပါတယ်။ ၁၉၉၉ ခုဦးပိုင်းမှာကနေဒါက ကလေးတွေအာဖရိကတိုက်က ကလေးတွေ ဆီစာရေးခဲ့ပါတယ်။ ၂ လနေတော့ပြန်စာတွေရရှိပါတယ်။ ရိုင်ယန့်အတွက်လည်းစာတစ်စောင်ပါလာပါတယ်။

“ခင်မင်ရတဲ့ ရိုင်ယန်ရေ၊ ငါ့နာမယ်က ‘အာကာနာ ဂျင်မီ’ (Akana Jimmy) ဖြစ်ပါတယ်။ ငါ့အသက် ၈နှစ်ပါ။ ငါဘောလုံးကန်ရတာဝါသနာပါပါတယ်။ ဒို့အိမ်ကိုမြက်နဲ့ဆောက်ထားပါတယ်။ မင်းတို့အမေရိကန်ကဘယ်လိုနေသလဲ။ မှ/ -သင့်မိတ်ဆွေ၊ အာကာနာဂျင်မီ” တဲ့။

(ဆက်ရန်)