ရှာဝင် ဆာရာဘီ (Sherwyn Sarabi)

ကလေးတို့ရေ …

ကလေးတို့ကိုပုံပြောဘို့အချိန်ကျလာပြန်ပြီကွဲ့။ ကလေးတို့ဒီနေ့ပြောပြမဲ့ပုံပြင်ကလေးက ယူကေနိုင်ငံကကောင်လေးတစ်ယောက်အကြောင်းဖြစ်ပါတယ်ကွယ်။ ယူကေဆိုတာ အင်္ဂလန်၊ ဝေး(လ်စ်)၊ စကော့တလန်နဲ့ မြောက်ပိုင်း အိုင်ယာလန်တို့ကိုစုပေါင်းခေါ်ထားတဲ့ ယူနိုက်တက်ကင်းဒမ်း(မ်) (United Kindom) ကိုခေါ်တာပါဘဲ။

အဲဒီကလေးလေးနာမယ်က ရှာဝင်ဆာရာဘီ တဲ့။ သူ့အသက်လေးနှစ်အရွယ်မှာသူ့ဥာဏ်ရည် (IQ) ကိုတွက်ကြည့်ကြတော့ ၁၆ဝ ရသတဲ့။ ဒီ IQ ရတဲ့လူတွေဟာအခုလက်ရှိကလေးတို့သုံးနေတဲ့ ‘မိုက်ခရိုဆော့(ဖ်တ်) ကွန်ပြူတာတွေကိုထွင်ခဲ့တဲ့ ဘီ(လ်)ဂိတ် ရယ်၊ ဒီကနေ့ ယူကေနိုင်ငံကနာမယ်ကျော်သိပ္ပံပညာရှင် စတီဖင်ဟောကင်း တို့ရယ်နဲ့ IQ ချင်းတူတယ်’ လို့ကျွမ်းကျင်သူများကဆိုကြပါတယ်ကွယ်။

ရှာဝင်ကလေးဟာဆယ်လသားအရွယ်မှာသူ့ပဌမဆုံးစကားကိုစပြောခဲ့ပါတယ်။ Mensa လို့ခေါ်တဲ့အသက်ဆယ်နှစ်အောက်အထက်မြက်ဆုံးကလေးများအဖွဲ့ကိုအသက်သုံးနှစ်အရွယ်မှာဝင်ရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်ထဲကသူ့ IQ ဟာ ၁၃၆ မှတ်ရောက်နေပြီးဒီအမှတ်ရတဲ့ဦးရေဟာကမ္ဘာ့လူဦးလူရေရဲ့ ၁% ဘဲရှိတယ်တဲ့။ သုံးနှစ်သားအရွယ်မှာရှာဝင်ဟာ ၂ဝဝ ထိ ရေနိုင်ပြီးကမ္ဘာပေါ်မှာရှိတဲ့တိုင်းပြည်တိုင်းရဲ့နာမယ်တွေကိုမှတ်မိတယ်တဲ့။

ဒီကလေးလေးဟာကျောင်းကိုသူများတွေထက် ၂ နှစ်စောပြီးစခဲ့ပါတယ်။ သူ့ရဲ့အသိဥာဏ်ဟာ ၈ နှစ်နဲ့ ၉လ သားကလေးတစ်ဦးရဲ့အသိဥာဏ်နဲ့ညီမျှတယ်လို့ပညာရှင်တစ်ဦးကဆိုပါတယ်။ “လေးနှစ်သားကလေးတွေကျောင်းတောင်မနေသေးတဲ့အချိန်မှာ ရှာဝင်ကလေးကရှစ်နှစ်နဲ့ကိုးလသားကလေးတွေရဲ့စာတွေကိုလေ့လာနေပြီ” လို့ပညာရှင်တစ်ဦးကပြောပါတယ်။

ရှာဝင်ရဲ့မေမေကဒီလိုပြောခဲ့ပါတယ်။ “ဒီကလေးဟာပျော်ပျော်နေတတ်ပြီးကျန်းမာပါတယ်။ စကားပြောရတာလည်းဝါသနာပါပါတယ်။ အရာရာကိုမေးတတ်လို့ကျွန်မဥာဏ်မှီသလောက်ဖြေပေးရပါတယ်။ သူဟာတစ်နေ့လုံးမေးခွန်းတွေမေးနေတတ်ပါတယ်။ ရှာဝင်လေးဟာစာအုပ်ပေါင်း ၁၉ဝ ဖတ်ပြီးသွားပါပြီ။ သူအနှစ်သက်ဆုံးစာအုပ်ကတော့စွယ်စုံကျမ်းကြီးတွေဘဲဖြစ်ပါတယ်။ သူဟာမသိသေးတဲ့အသစ်အတွေကိုဖတ်ရတာသိတ်ကြိုက်ပါတယ်” တဲ့။

ရှာဝင်လေးအကြောင်းကို FaceBook နဲ့ YouTube ပေါ်မှာတွေ့နိုင်ပါတယ်ကွယ်။ ဦးဦးတစ်ခုတော့ပြောချင်ပါတယ်ကလေးတို့ရေ။ ကလေးတို့စာအုပ်ကောင်းတွေဖတ်ဘို့လိုတယ်နော်။

ဥာဏ်ကောင်းတဲ့ကလေးတွေ၊ ထက်မြက်တဲ့ကလေးတွေဟာ UK, USA စတဲ့နိုင်ငံတွေမှာဘဲမွေးတယ်လို့ကလေးတို့မထင်နဲ့နော်။ ဒီကလေးတွေမွေးလာတော့ဘယ်သူနာပြုဆရာမကမှသူတို့လေးတွေပါးစပ်ကိုဟပြီးဥာဏ်ကောင်းဆေးတစ်ခွက်လောင်းထည့်သွားတာမဟုတ်ပါဘူးကွယ်။ တစ်ဦးချင်းကျိုးစားမှုနဲ့ပတ်ဝန်းကျင်အပေါ်မှာမူတည်ပါတယ်။

ကလေးတို့ Bill Gates နဲ့ Stephen Hawking အကြောင်းလည်းရှာဖတ်ကြနော်။ ဒီလူနှစ်ယောက်ဟာ ကလေးတို့သိသင့်သိထိုက်တဲ့အကြောင်းတွေပါဘဲ။ ကလေးတို့ စာအုပ်တွေများများဖတ်ရမယ်ဆိုတာသတိရကြပါကွယ်။

ကဲ… တော်အုန်းမယ်နော်။ ကလေးတို့လည်းကမ္ဘာကျော်ထူးချွန်သူကလေးများဖြစ်ကြ ပါစေကွယ်။