သင့်ကလေးစမတ်ကျဖို့သင့်တာဝန်ရှိပါတယ်

ဒီဘက်နောက်ပိုင်းမှာ Body Shaming မလုပ်နဲ့ ဆိုတဲ့စကားက ခေတ်စားလာပါတယ်။ သဘောကတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ကို မကဲ့ရဲ့ဖို့ပေါ့။ ၀တုတ်နေတာပဲ၊ ခြေသလုံးကြီးက တုတ်လိုက်တာ၊ အရပ်လေးက ပုပုလေး စသဖြင့် ပြောကြတာတွေကို ရိုင်းတဲ့အပြုအမူတွေအဖြစ် ရှုမြင်လာကြပါတယ်။

မှန်ပါတယ်။ လူတစ်ယောက်ကို အဲ့ဒီလိုကဲ့ရဲ့ပြောဆိုတဲ့ လုပ်ရပ်ဟာ လက်သင့်ခံလို့ မရပါဘူး။ ဒါပေမယ့် အဲ့ဒီလိုမလုပ်သင့်ဘူးဆိုတိုင်း ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကို နေချင်သလို နေရမယ်လည်း မဆိုလိုပါဘူး။ သပ်သပ်ရပ်ရပ်နေဖို့၊ လှလှပပနေဖို့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ နေဖို့လည်း လိုအပ်ပါတယ်။

ဥပမာအားဖြင့် လူတစ်ယောက်ဟာ အရပ်အမောင်းမြင့်တယ်၊ ဒါမှမဟုတ် အသားအရည်လှတယ်၊ ဒါမှမဟုတ် သွားလေးတွေ တအားလှတယ်၊ ညီနေတာပဲ၊ ဒါမှမဟုတ်လည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တယ်၊ ဒီလိုဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိတာပေါ့။ အရပ်ပုနေတိုင်း ယုံကြည်မှုမရှိတာ မဟုတ်သလို မြင့်တိုင်းလည်း ယုံကြည်မှုရှိနေတာတော့ မဟုတ်ပါဘူး။ သို့သော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ ဒီလိုပုံပန်းသွင်ပြင်တွေက အတိုင်းအတာတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။

အဲဒီလို ပုံပန်းသွင်ပြင်တွေက မျိုးရိုးနဲ့လည်း ဆိုင်သလို ကလေးဘ၀က လုပ်ခဲ့တဲ့ အလေ့အကျင့်တွေနဲ့လည်း သက်ဆိုင်ပါတယ်။

ဒါကြောင့် မိဘတွေရဲ့တာဝန်က နှစ်ခုပါ။

ပထမတစ်ခုက ကလေးတွေ ငယ်ရွယ်စဉ်မှာ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပေးဖို့ပါပဲ။

တချို့ သွားတွေ တအားလှတယ်။ ငယ်ငယ်ကတည်းက အဖေ အမေက သွားကျန်းမာရေးကို ဂရုစိုက်ပေးတာကိုး။ တချို့က ဉာဏ်ရည်ထက်တယ်။ ထက်ဆို အဖေ အမေက ကျောင်းစာတစ်မျိုးတည်း မဟုတ်ဘဲ ကစားနည်းတွေ၊ ဉာဏ်စမ်းဂိမ်းတွေနဲ့ပါ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ကို လေ့ကျင့်ပေးတာကိုး။

ကျွန်တော့်ကိုယ်ပိုင် အတွေ့အကြုံလေးတစ်ခုလည်း ပြောပြမယ်။ ခုချိန်မှာ ကျွန်တော်က တအားကြီးမဟုတ်တောင် ဒီနိုင်ငံအနေအထားနဲ့ဆို အရပ်မြင့်တယ်ဆိုတဲ့အထဲ ပါတယ်။ အဖေလည်း အဲ့လောက်မမြင့်၊ အမေလည်း အဲ့လောက်မမြင့်၊ ဘာလို့ ကျွန်တော်တို့ညီအစ်ကိုကျမှ မြင့်နေတာလဲဆိုတော့ ၇ တန်းမှာ နွေရာသီကျောင်းပိတ်တော့ ရေကူးသင်တန်း အတင်းပို့ခဲ့တာကြောင့်ပဲ။ အဲ့ဒီအချိန် ကျွန်တော်တို့ကတော့ ဘယ်သွားချင်မလဲ။ ပင်ကလည်း ပင်ပန်းသေး။ အသားကလည်း မည်းသေး။ ဒါပေမယ့် အတင်းသွားခိုင်းတော့လည်း သွားရတယ်။ အဲဒီမှာပဲ သိသိသာသာ အရပ်ကမြင့်လာတာ။ ခုချိန်မှာ မိဘကို ကျေးဇူးတွေတင်နေတာလေ။ သူတို့ ဒီလိုအတင်းလွှတ်လို့သာပေါ့။

အစားရွေးတယ်ဆိုလည်း ဒီလိုပဲ။ ငယ်ငယ်ကတည်းက အလေ့အကျင့်လုပ်ပေးရင် ကလေးဟာ အစားမရွေးတော့ဘူး။ ငယ်တုန်းတော့ သူမသိဘူး။ ကြီးတော့မှ အာဟာရစုံတော့ လူက ကျန်းမာကြံ့ခိုင်တယ်။ ဘယ်နေရာသွားသွား၊ ခရီးတွေထွက်ထွက် အဆင်ပြေတယ်။ အသားအရည်တွေဘာတွေလည်း လှတယ်။ အရင်က ဂျပန်ငပု ဆိုပြီး ကျွန်တော်တို့ပြောခဲ့ကြဖူးတဲ့ ဂျပန်တွေရဲ့ ခုအရပ်အမောင်းကို သွားကြည့်ပါ။ ဒါက ဘာကိုပြောလဲဆိုရင် အာဟာရနဲ့ အားကစားက လူတစ်ယောက်ရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးမှုအပေါ် ကြီးကြီးမားမား သက်ရောက်နေတယ် ဆိုတာပါပဲ။

ပြောချင်တာကတော့ ကလေးဆိုတဲ့အရွယ်ဟာ စိတ်ခံစားချက်ကိုပဲ ဦးစားပေးတယ်။ နောင်တစ်ချိန် ဘာတွေဖြစ်လာမယ်ဆိုတာ မတွေးနိုင်ဘူး။ အဲ့တော့ ဟိုဟာ မလုပ်ချင်ဘူး၊ ဒီဟာ မစားချင်ဘူး။ ဒီလိုတွေ ဖြစ်တယ်။ ဒါကို မိဘက တအားအလိုလိုက်နေလို့ မရဘူး။ နောင်တစ်ချိန်မှာ သူတို့လေးတွေ စမတ်ကျတဲ့ ဆယ်ကျော်သက်တွေ ဖြစ်လာဖို့အတွက် အလေ့အကျင့်ကောင်းတွေကို ခုကတည်းက ပျိုးထောင်ပေးဖို့ လိုတယ်။ အစားအသောက်စားရင် ဘယ်လိုစားရတယ်၊ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ဘယ်လိုဝတ်ရတယ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်ရတယ်၊ ဒါတွေကို ပြောပြပေးဖို့လိုတယ်။ ဉာဏ်ရည်ထက်တဲ့ ကလေးဖြစ်ဖို့ ပျိုးထောင်ပေးရမယ်။ Healthy Lifestyle နဲ့ ရင်းနှီးနေအောင် လုပ်ပေးရတယ်။ ဒါတွေက ကိုယ့်ကလေးအတွက် နောင်တစ်ချိန်မှာ တအားအကျိုးရှိစေပါလိမ့်မယ်။

တစ်ခါတစ်လေမှာ မိဘကြောင့် ပြဿနာဖြစ်ရတာတွေ ရှိတယ်။ ဥပမာ မိန်းကလေးတစ်ယောက် အပျိုဖြစ်လာပြီဆို ရင်သားကို လူသတိမထားမိအောင် ခါးကိုင်းပြီး လျှောက်ခိုင်းတော့ နောင်ကျတော့ လက်ပျဉ်ကုန်းကုန်းလေးတွေ ဖြစ်လာရော။

မိဘတွေအနေနဲ့ စဉ်းစားကြည့်ပါ၊ ကိုယ်သားသမီးဘ၀က ကိုယ့်မိဘရဲ့ ပျိုးထောင်ပေးမှုကြောင့် ဘယ်လိုအကျိုးတွေ ရခဲ့တယ်၊ ဒါမှမဟုတ် သူတို့ရဲ့လွဲမှားမှုကြောင့် ကိုယ့်မှာ ဘယ်လိုပြဿနာဖြစ်ခဲ့ရတယ် ဆိုတာ ရှိကြမှာပါ။ ဒီအတွက် ကိုယ်မိဘနေရာ ရောက်လာတဲ့အချိန်မှာ ကိုယ့်သားသမီးအတွက် သတိထား လုပ်ဆောင်ပေးကြဖို့ လိုပါတယ်။

နောက်ထပ်တစ်ခုကတော့ ပြောင်းလဲလို့မရနိုင်တဲ့ အရာအတွက် လက်သင့်ခံနိုင်စွမ်းရှိအောင် ကလေးကို သင်ပေးဖို့ပါ။

ဒီလိုပုံပန်းသွင်ပြင်ဆိုတာက မျိုးရိုးနဲ့လည်း ဆိုင်တော့ တစ်ခါတစ်လေမှာ ပြောင်းလဲလို့မရနိုင်ပါဘူး။အပေါင်းအသင်းတွေကြားထဲမှာ အသားမည်းလို့ နောက်ပြောင်ခံရတာ၊ အရပ်ပုလို့ လှောင်ခံရတာ၊ လူကောင်သေးလို့ အနိုင်ကျင့်ခံရတာတွေ ရှိလာနိုင်တယ်။ ဒီအခါ ကလေးက သူ့ကိုယ်သူ ယုံကြည်မှုမရှိတော့ဘူး။ အဲ့လိုအချိန်မှာ မိဘရဲ့ အားပေးမှုက သိပ်အရေးကြီးလာပါတယ်။ တကယ်တမ်း လူတစ်ယောက်ရဲ့ တန်ဖိုးကို အဆုံးအဖြတ်ပေးတာ အဲ့ဒီပြင်ပက သွင်ပြင်တွေ မဟုတ်ဘူးဆိုတဲ့ အသိကို ကလေးဆီမှာရှိနေအောင် လုပ်ပေးထားရပါမယ်။

ဒီနေရာမှာ ၂၀၁၁ ခုနှစ်ရဲ့ Miss Universe ဖြစ်တဲ့ အန်ဂိုလာအလှမယ် Leila Lopes အကြောင်း ပြောပြချင်တယ်။ အန်ဂိုလာသူ ဆိုတော့ သိကြမှာပါ၊ အသားအရောင်က မည်းတယ်၊ လူမည်းပေါ့။ ကျွန်တော်တို့ မျက်စိနဲ့ဆို ဘယ်လိုမှမလှဘူးပေါ့လေ။ ဒါပေမယ့် သူက Miss Universe ဖြစ်တယ်။ ပြိုင်ပွဲနောက်ဆုံးမှာ ဒိုင်တွေက သူ့ကိုမေးတယ်။ တကယ်လို့သာ မင်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းထဲက တခုခုကိုသာ ပြင်ဆင်လို့ရမယ်ဆို ဘာကိုပြင်ချင်လဲဆိုတော့ သူက ပြန်ဖြေတယ်။

“ဘုရားသခင် ဖန်ဆင်းပေးထားတဲ့အတိုင်း ကျေနပ်ပါတယ်။ ပြီးတော့ ကျွန်မရဲ့ အလှအပဟာ ခန္ဓာကိုယ်ပြင်ပမှာ မရှိဘဲ အတွင်းထဲမှာ ရှိနေတဲ့ မိန်းမတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားပါတယ်။ ဒီအတိုင်းပဲ ကျွန်မတစ်သက်လုံး ဆက်လက်ရှင်သန်သွားမှာပါ။” တဲ့။

သဘောကတော့ သူ့ကိုယ်သူ ကျေနပ်တယ်။ သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်။ အရှိတရားအတိုင်း လက်ခံထားပြီး သူ့ဘ၀ကိုသူ ယုံကြည်မှုရှိရှိ ဖြတ်သန်းနေတယ်။ ဒီလိုအသိကို သူ့အမေ၊ သူ့အဖွားဆီကနေ လက်ဆင့်ကမ်း ရထားခဲ့တာပါ။ ကျွန်တော်တို့ရဲ့ သားသမီးတွေကိုလည်း အဲ့လိုမျိုး သင်ထားပေးရပါမယ်။

ဒါကြောင့် အနှစ်ပြန်ချုပ်ရရင် မိဘတွေရဲ့ တာဝန်က နှစ်ခုပါ။

ကလေးငယ်ငယ်ကတည်းက အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပေးလိုက်ဖို့ရယ်၊ လူတစ်ယောက်ရဲ့ တန်ဖိုးကို အတွင်းထဲက စိတ်ဓါတ်နဲ့ ခံယူချက်တွေကသာ အဓိကအဆုံးအဖြတ်ပေးတယ် ဆိုတာကို သိထားပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို သူတို့လက်သင့်ခံနိုင်အောင် သင်ကြားပေးဖို့ရယ်ပါ။

၁၀.၆.၂၀၁၈

ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ