၂ လသား ကလေးငယ်ကို သင်္ချိုင်းအုတ်ဂူကြား စွန့်ပစ်ခဲ့သည့် မိခင်အား ဖမ်းဆီး

ဖိလစ်ပိုင်နိုင်ငံမှာ သင်္ချိုင်းအုတ်ဂူ ၂ ခုကြား မိခင်က ရက်ရက်စက်စက် စွန့်ပစ်ခဲ့တဲ့ ၂ လသား ကလေးငယ်ကို မျက်မြင်တွေ့ရှိသူတွေက ကယ်တင်နိုင်ခဲ့ပြီး မိခင်ဖြစ်သူကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ကယ်ဇွန်းမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ဖြစ်ခဲ့ပြီး ကလေးငယ်ရဲ့ အော်ဟစ်ငိုယိုနေတဲ့ အသံကို အနီးနား နေထိုင်သူတွေက ကြားခဲ့ကြပြီး လိုက်ရှာကြချိန်မှာ တွေ့ရှိခဲ့ရတာပါ။

အဲဒီနောက်တော့ ကလေးငယ်ကို ဆေးကုသမှု ခံယူနိုင်ဖို့ ဆေးရုံပို့ဆောင် စစ်ဆေးခဲ့ကြချိန်မှာတော့ ဆရာဝန်တွေက ကလေးငယ်ဟာ နာရီပေါင်းများစွာ စွန့်ပစ် ချန်ထားခံခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။

ဒေသခံအာဏာပိုင်တွေက လူးဝစ္စလို့ အမည်ရတဲ့ အဲဒီကလေးငယ်ကို ဝိုင်းဝန်းပြုစု စောင့်ရှောက်ခဲ့ပြီးနောက်မှာတော့ ဂလိုရီယာ ပီရက်ဇ် အမည်ရတဲ့ ကလေးငယ်ရဲ့ အဖွားဖြစ်သူ ပေါ်လာခဲ့တာပါ။

သူက ကလေးငယ်ရဲ့မိခင်ဟာ လာရာဆန်တီလာစ် ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ အပြီးမှာတော့ ရဲတွေက မိခင်ဖြစ်သူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကလေးငယ်ကို မျက်မြင်တွေ့ရှိသူတဦးဖြစ်တဲ့ အိန်ဂျယ်လ် ကက်စတီလိုက “အိမ်နီးချင်းတယောက်က ကလေးငိုသံကြားပြီးနောက် အုပ်စုလိုက် သွားရှာဖွေချိန်မှာ ခုလို တွေ့ခဲ့ကြတာပါ။ ကလေးကို ညအချိန်မှာ ပစ်ခဲ့တာပါ။ တကယ်လို့သာ သူ့အသံကို တယောက်မှ မကြားခဲ့ကြဘူးဆိုရင် ကလေးရဲ့အခြေအနေဟာ ပိုဆိုးသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာမှာ လေလွင့်ခွေးတွေရော၊ ကြွက်တွေပါ ရှိနေတာလေ” လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ မိခင်ကို ရဲတွေက ဖမ်းဆီးခဲ့ပြီးနောက်မှာတော့ သူဟာ အမှုရင်ဆိုင်ရပြီး ပြစ်ဒဏ်ချမှတ်ခံရတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရဲဌာနက ဒီအမှုကို လူမှုဝန်ထမ်းဌာနနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။