ကလေးတို့အတွက်ပုံပြင် – ပြန်ပေးငွေ

ကလေးတို့အတွက်ပုံပြင် – ပြန်ပေးငွေ

ကလေးတို့ရေ …

တစ်ခါတုန်းကကောင်လေးတစ်ယောက်ဟာ လေးခွလေးတစ်ခုကောက်ရသတဲ့။ ဒါကြောင့်ဥယျဉ်ကြီးတစ်ခုထဲကိုသွားပြီးမြင်မြင်သမျှငှက်ကလေးတွေကိုလျှောက်ပစ်နေခဲ့သတဲ့။ ဒါပေမဲ့တစ်ကောင်ကိုမှမထိခဲ့ပါဘူးကွယ်။

နောက်နေ့မှာသူရယ်၊ သူ့အစ်မရယ်၊ သူ့မိဘတွေရယ်၊ တောမြို့လေးတစ်ခုမှာနေတဲ့သူ့အဘိုးနဲ့အဘွားဆီသွားလည်ခဲ့ကြပါတယ်။ ကောင်လေးဟာတောစပ်ကလေးထဲသွားပြီးလက်တည့်စမ်းပြန်ပါလေရောကွယ်။ တစ်ကောင်မှမထိလို့ဒေါပွပွနဲ့အိမ်ပြန်လာတော့အိမ်နားမှာဘဲတစ်ကောင်တွေ့လို့ပစ်ထည့်လိုက်တာဘဲခေါင်းကိုလောက်စာလုံးထိပြီးဘဲသေသွားပါလေရောကွယ်
ကောင်လေးလည်းကြောက်ကြောက်လန့်လန့်နဲ့ဘဲသေကိုခြုံတစ်ခုထဲဖွက်ပြီးပြန်လာပါတယ်။ အဲဒါကိုသူ့အစ်မကလှမ်းမြင်လိုက်ပါတယ်။ ပြေးထွက်လာပြီးလေသံတိုးတိုးလေးနဲ့ “နင်သတ်လိုက်တာဖွါးဖွါးရဲ့ဘဲ” … ဆိုတော့ကောင်လေးတုန်သွားပါတယ်ကွယ်။

နေဝင်တော့အဖွါးကသူ့ဘဲလေးအိမ်ပြန်အလာကိုစောင့်နေတာပေါ့ကွယ်။ မိုးချုပ်လို့ပြန်မလာတော့ “ငါ့ဘဲလေးဘယ်များခြေလွန်နေသလဲမသိဘူး” ဆိုတော့ကောင်လေးကငြိမ်နေပါတယ်။ ညနေစာစားပြီးတော့ပန်းကန်တွေခွက်တွေဆေးကြတော့အစ်မလုပ်သူကသူ့မောင်ကို “ဖွါးဖွါးကိုဝိုင်းကူပေးလိုက်” ဆိုပြီးလက်ကလေးနှစ်ဘက်နဲ့တောင်ပန်ခတ်ပြပါတယ်။ အဓိပ္ပါယ်က “ဘဲလေးမှတ်မိတယ်မဟုတ်လား” ဆိုတဲ့အဓိပ္ပါယ်ပါဘဲ။ ကောင်လေးလည်းကိုယ့်အပြစ်နဲ့ကိုယ်မို့လုပ်ပေးရပါတယ်။

နောက်နေ့ကျတော့အဖိုးက တောထဲကချောင်းလေးမှာငါးသွားမျှားဘို့ကလေးတွေကိုခေါ်ပါတယ်။ အဖွါးက “ထမင်းဟင်းချက်ဘို့နဲ့အိမ်သန့်ရှင်းရေးလုပ်ဘို့မြေးမကလေးကိုထားခဲ့ပါ” ဆိုတော့ကောင်မလေးက “မောင်လေးလုပ်လိမ့်မယ်ဖွါးဖွါးရေ။ လုပ်မယ်မဟုတ်လား” လို့သူ့မောင်လေးကိုစိုက်ကြည့်ပြီးမေးလိုက်တော့ကောင်လေးကသဘောတူရပြန်ပါတယ်ကွယ်။

နေ့ခင်းမှာအိမ်အလုပ်တွေဝိုင်းလုပ်ပေးယင်းကောင်လေးကစဉ်းစားမိတယ်။ သူကတော့ပင်ပန်းနေတဲ့အချိန်မှာသူ့အစ်မကတော့ပျော်လို့။ ဒီတစ်ခုပြီးယင်နောက်ဘာလာအုန်းမှာလဲ။ ဒါတွေဘယ်တော့မှအဆုံးသတ်မှာလဲ။ ဒီလိုအကြပ်ကိုင်နေတာကိုဘယ်လိုဖြေရှင်းရမလဲ။ သူ့အစ်မသူ့ကျောကုန်းကိုခွစီးနေတာဘယ်လိုဖြုတ်ချရမလဲ … စသည်ဖြင့်အလုပ်လုပ်ယင်းတစ်ယောက်ထည်းတွေးပြီးစိတ်မကောင်းဖြစ်နေသတဲ့။ နောက်ဆုံးတော့အဖြေကိုတွေ့ခဲ့ပါတယ်။

သူဟာသူ့အဖွါးဆီကိုသွားပြီးဘဲကိုသတ်လိုက်တာသူဖြစ်ကြောင်း၊ အဲဒီအတွက်စိတ်မကောင်းကြောင်း၊ သူပြန်ပြီးဝန်မခံဘဲဖုံးထားခဲ့တာကိုတောင်းပန်ကြောင်းပြောပြပါတယ်။

အဖွါးက “ငါ့မြေးလေးအခုလိုသတ္တိရှိရှိဝန်ခံတာကိုအဖွါးခ်ျီးကျူးပါတယ်။ ငါ့မြေးဟာကိုယ့်စိတ်ကိုထောင်ထဲပြန်ထည့်ထားယုံမကဘဲသူတစ်ပါးရဲ့သားကောင်ပါဖြစ်ခဲ့ရတာပါဘဲ။ မြေးလေးဒီလိုရဲရဲတင်းတင်းထွက်မလာခဲ့ယင်မင်း ဟာသူများဗိုလ်ကျတာကိုအကြာကြီးခံနေရအုန်းမှာဘဲ” လို့ပြောပြီး သူ့မြေးကိုပွေ့ဖက်ခဲ့ပါတယ်။

ပုံပြင်ကလေးကတော့ဒါပါဘဲကွယ်။ ကလေးတို့ဘာသင်ခန်းစာတွေရခဲ့ပါသလဲ။

ကိုယ့်အမှားကိုကိုယ်အမြဲဝန်ခံနော်။အပြစ်တစ်ခုကိုကျူးလွန်မိယင်အဲဒီအပြစ်ဟာကိုယ့်အနောက်ကိုအရိပ်လိုတစ်သက်လုံးလိုက်နေတတ်ပါတယ်။ နောက်ပြီးအဲဒီအပြစ်ကိုဝန်မခံမချင်းမသန့်တဲ့စိတ်၊ တစ်ယောက်ယောက် ကသိသွားမှာကြောက်နေရတဲ့စိတ်နဲ့တစ်သက်လုံးနေသွားရတတ်ပါတယ်။ အကျင့်ယုတ်တဲ့လူတွေကအဲဒါကိုအခွင့်ကောင်းယူပြီးအကျပ်ကိုင်တတ်၊ ဗိုလ်ကျတတ်လို့ကိုယ့်ထမင်းကိုယ်စားပြီးသူများကျွန်ဖြစ်ရတတ်ပါသေးတယ်ကွယ်။
အဆစ်ကလေးတစ်ခုထပ်ပြောပါရစေကလေးတို့ရေ … ဦးတို့ငယ်ငယ်တုန်းကဦးဦးတို့ဖေဖေကဦးတို့ကိုပြောခဲ့တာတစ်ခုရှိပါတယ်။ “တစ်ခါလိမ်မိယင်ဒီအမှားကိုကာဘို့နောက်တစ်ခါထပ်လိမ်ရတယ်။ ဒုတိယအမှားကိုကာဘို့တတိယအကြိမ်ထပ်လိမ်ရတယ်။ ဒါကြောင့်အမှားတွေဟာပိုပိုပွါးလာတယ်” … တဲ့။

ဒါကြောင့်လိမ်တတ်တဲ့လူဟာအလွယ်တစ်ကူအမြဲဘဲဆက်လိမ်နေမှာဘဲကလေးတို့ရေ။ ကလေးတို့မှန်တာပြောရတာ၊ မှန်တာလုပ်ရတာကိုဂုဏ်ယူပါ။ မြန်မာစကားရှိပါတယ်ကွယ်၊ “မှန်တာပြောယင်သစ္စာ” … တဲ့။
ကလေးတို့လိမ်မာရေးခြားရှိတဲ့မိကောင်းဖခင်သားသမီးများဖြစ်ကြပါစေကွယ်။

(Share နိုင်ပါသည်)