ကလေးတို့အတွက်ပုံပြင် – အောင်မြင်မှု၏လျှို့ဝှက်ချက်

ကလေးတို့အတွက်ပုံပြင်  – အောင်မြင်မှု၏လျှို့ဝှက်ချက်

ကလေးတို့ရေ …

ဂရိ ပညာရှင်ကြီး ဆိုခရေးတိ(စ်) (Socrates) ဆိုတာကလေးတို့ကြားဘူးကြမှာပေါ့ကွယ်။ ခရစ်တော်မပေါ်ခင်နှစ်ပေါင်း ၅ဝဝ နီးပါးတုန်းက ဂရိ(စ်) နိုင်ငံ (Greece) မှာပေါ်ပေါက်ခဲ့တဲ့ပညာရှင်ကြီးပေါ့ကွယ်။ အဲဒီအ ချိန်က ဂရိ(စ်) ဟာ အတွေးအခေါ်ပိုင်းမှာတစ်ခြားနိုင်ငံတွေထက်ခေတ်ရှေ့ကိုများစွာပြေးနေခဲ့တဲ့တိုင်းပြည်ပါ။ ကလေးတို့ဒီနေ့မှာနေ့စဉ်ကြားနေရတဲ့ ‘ဒီမိုကရေစီ’ ဆိုတာ ဂရိ(က်) စကားလုံးပါ။ People ဆိုတဲ့စာလုံးနဲ့ Power ဆိုတဲ့စာလုံးကိုတွဲထားတာပါ။ လွန်ခဲ့တဲ့နှစ် ၂၅ဝဝ နီးပါးထဲက ဂရိ(စ်) မှာဒီမိုကရေစီထွန်းကားနေခဲ့ပါပြီကွယ်။ အဲဒီအချိန်တွေမှာလည်း ဂရိ(စ်) မှာကမ္ဘာကျော်ပညာရှင်တွေဖြစ်ခဲ့တဲ့ ပလေတို၊ အရစ္စတိုတယ်(လ်)၊ အာခိမီးဒီး(စ်) စတဲ့ပညာရှင်တွေပေါ်ပေါက်ထွန်းကားခဲ့ပါတယ်။ ဟီပတ်သီးယား ဆိုတဲ့အမျိုးသမီး ပညာရှင်တစ်ဦးတောင်ပေါ်ပေါက်ခဲ့ပါသေးတယ်ကွယ်။

ရှေးရှေးကဒီနေ့ခေတ်မှာလိုကျောင်းတွေတက္ကသိုလ်တွေ( Universities) တွေရှိခဲ့တာမဟုတ်ဘူးကွဲ့။ ပညာလိုချင်တဲ့လူငယ်တွေဟာပညာရှိကြီးတွေဆီမှာသွားပြီးမေးမြန်းကြရတယ်။ တပည့်ခံကြရတယ်။ ထားပါတော့။ ဆိုခရေးတိ(စ်) အကြောင်းကိုပြန်ဆက်ရအောင်။ အဲဒီအချိန်ကဆိုခရေးတိ(စ်) ဟာ ဂရိ(စ်) မှာဥာဏ်အရှိဆုံးလူလို့ကျော်ကြားနေသူဖြစ်ပါတယ်။

တစ်နေ့တော့ ဆိုခရေးတိ(စ်) ဆီကိုလူငယ်တစ်ယောက်ကသိချင်တာတစ်ခုနဲ့ရောက်လာပါတယ်။ (ဒီလူငယ်ကိုတစ်ချို့က ပလေတို လို့လည်းဆိုပါတယ်)။ ထုံးစံအတိုင်းဆရာကြီးကိုဂါရဝပြုပြီးသိချင်တာမေးတာပေါ့ကွယ်။ ခုခေတ်မှာတော့ “သိချင်တာတစ်ခုရှိယင်ဆရာကြီးအိမ်ကိုသွားမေးရတယ်” ဆိုတာကလေးတို့ရယ်ချင်ရယ်မှာဘဲ။

ဆရာကြီးကိုသူက “ဆရာကြီးတတ်သမျှသိသမျှပညာတွေအားလုံးကိုသင်ပေးပါ” လို့ပြောတော့ “ငါ့နောက်လိုက်ခဲ့” ဆိုပြီးထွက်သွားပါရောကွယ်။ တပည့်လောင်းလေးလည်းလိုက်သွားတာပင်လယ်ကမ်းစပ်ကိုရောက်သွားပါလေရော။ ဆရာကြီးကရေထဲထိဆက်လျှောက်သွားတော့လူငယ်လေးလည်းဆက်ပြီးလိုက်ရတာပေါ့။ ဆရာကြီးကခြေမျက်စေ့ကနေဒူး၊ နောက်တော့ခါး၊ နောက်ဆုံးပုခုံးထိရေထဲကိုဆင်းနေပါတယ်။ တပည့်လည်းဘာမှပြန်မမေးရဲဘဲလိုက်သာနေရတော့တာပေါ့ကွယ်။

အဲဒီအချိန်မှာ ဆိုခရေးတိ(စ်) ရုတ်တရက်လူငယ်ကိုပုခုံးကနေကိုင်ပြီးခေါင်းမဖေါ်နိုင်အောင်ရေထဲမှာနှစ်ပါလေရောကွယ်။ ဆိုခရေးတိ(စ်) ဟာသန်မာသူဖြစ်ပါတယ်။ လူငယ်ကကြောက်လန့်တစ်ကြားနဲ့ရုန်းပေမဲ့ ဆိုကရေးတိ(စ်) ကမလွှတ်ဘဲဆက်ဖိထားပါတယ်။ နောက်ဆုံးလူငယ်မျက်နှာတွေပြာလာလောက်တဲ့အချိန်မှဆွဲတင်လိုက်ပါတယ်။

လူငယ်လည်း ‘ဝူးဝါး-ဝူးဝါး’ နဲ့အသက်ကိုကမန်းကတန်းရှူပြီး “ဆရာကျွန်တော့ကိုသတ်ဘို့လုပ်နေတာလား” လို့မေးလိုက်ပါတယ်ကွယ်။ ဆိုခရေးတိ(စ်) က “မင်းကိုသတ်ဘို့ငါလုံးဝမရည်ရွယ်ဘူး။ သတ်ချင်ယင်မင်းကိုငါဆွဲမတင်ဘူး” လို့ဖြေပါတယ်။ လူငယ်ကတော့လေကိုမဝတန်းရှူရှိုက်နေပါတယ်။

“ဒါဖြင့်ယင်ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲ” လို့လူငယ်ကမေးတော့ ဆိုခရေးတီး(စ်) ကလူငယ်လေးရဲ့မျက်လုံးထဲကိုသေသေချာချာစိုက်ကြည့်ပြီး “မင်းငါ့ပညာကိုဒီလေကိုငတ်နေသလိုသာလိုချင်ယင်မင်းရမယ်” လို့ပြောပြီးကမ်းပေါ်ပြန်တက်သွားပါတယ်ကွယ်။

ပုံပြင်ကလေးကတော့ဒါပါဘဲကလေးတို့ရေ။

ကလေးတို့ကိုဒီပုံပြင်ကဘာသင်ခန်းစာပေးနေတယ်ဆိုတာသိကြရဲ့လားကွယ်။ အမေရိကန်ပြည်က နပိုလီယန်ဟီး(လ်) (Napolean Hill) ဆိုတဲ့ကြီးပွါးရေးပညာရှင်ကြီးတစ်ဦးကဒီလိုပြောခဲ့ဘူးပါတယ်။ “Desire is the starting point of all achievement, not a hope, not a wish, but a keen pulsating desire which transcends everything.” … တဲ့။
(Desire ဆိုတာ လိုအင်ဆန္ဒ၊ တောင့်တမှု၊ အာသီသ။ ဒီစကားလုံးတွေနဲ့တောင်အပြည့်အစုံဘာသာပြန်ဘို့မလောက်သေးဘူး။ “ရမှဖြစ်ပါမယ်” ဆိုတဲ့ ‘မရမနေဆန္ဒမျိုး’ ကိုဆိုလိုတာပါ)

“အောင်မြင်ဖြစ်ထွန်းမှုတစ်ခုရဲ့အစဟာ desire သာဖြစ်တယ်။ မျှော်လင့်မှုတစ်ခုမဟုတ်ဘူး။ ဆန္ဒပြုမှုလေးတစ်ခုမဟုတ်ဘူး။ (နှလုံးခုန်မှုကြောင့်) တစ်ချက်ချင်းသွေးတိုးနေသလိုဖြစ်နေတဲ့ desire သာလျှင်အရာရာကိုကျော်လွန်စေနိုင်မှာဖြစ်တယ်” (နပိုလီယန်ဟီးလ်)

ဒီပုံပြင်ကိုရေးခဲ့တဲ့ပုဂ္ဂိုလ်ကဆက်ရေးပြခဲ့ပါတယ်။ “လူတော်တော်များများဟာအောင်မြင်မှုရဲ့နည်းဗျူဟာ (ဖေါ်မြူလာ) ကိုနည်းမှားတွေနဲ့ရှာနေကြပါတယ်။ သူတို့ဟာတန်ခိုးရှင်တစ်ဦးဦးပေါ်လာမှာကိုစောင့်နေကြပါတယ်။ သူတို့ဟာ ‘quick fix’ (ဥုံဖွ) ကိုဘဲအလိုရှိကြပါတယ်” … တဲ့။ ဟုတ်တာပေါ့ကွယ်။ စာမကျက်ဘဲနဲ့စာမေးပွဲသွားဖြေသူကိုဘယ်နတ်မင်းကလာကယ်မှာလဲ။

ဒီပုံပြင်ကိုရေးခဲ့သူကအရှည်ကြီးရေးခဲ့ပါတယ်။ ဦးကတော့ဒီလောက်နဲ့ဘဲရပ်ပါရစေ။ မမေ့ခင်သတိရနေတုန်းလေးတစ်ခုထပ်ပြောပါရစေ။ လူတွေကိုကြီးပွါးတိုးတက်အောင်သင်တန်းတွေပေးနေတဲ့ Napolean Hill, Tony Robbins, Zig Ziglar, Paul McKenna, Deepak Chopra, Stephn Covey, စတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့စာအုပ် (pdf) တွေ၊ mp3 တွေကိုအင်တာနက်ပေါ်မှာ အခမဲ့ရတဲ့နေရာတွေအများကြီးရှိပါတယ်ကွယ်။ ဒီဆရာကောင်းသမားကောင်းကြီးတွေဟာကလေးတို့သူတို့တံခါးလာခေါက်မှာကိုစိတ်ရှည်ရှည်နဲ့လက်ပိုက်စောင့်နေကြပါတယ်။သူတို့စကားပြောတာကိုရက်ပိုင်းကလေးသွားနားထောင်တာဒေါ်လာထောင်နဲ့ချီပေးရပါတယ်။ ကလေးတို့ဒီလိုပညာရှိပုဂ္ဂိုလ်ကြီးတွေရဲ့စာအုပ်တွေနဲ့၊ သူတို့ဟောခဲ့ပေးခဲ့တဲ့ကြီးပွါးရေးတရားတွေကိုဖတ်သင့်၊ နားထောင်သင့်ပါတယ်။

နောက်တစ်ခုက YouTube ပေါ်က TEDx ဆိုတဲ့အစီအစဉ်ဖြစ်ပါတယ်။ အဲဒီအစဉ်ကတော့ကမ္ဘာအရပ်ရပ်ကအောင်မြင်နေတဲ့အသက်မျိုးစုံ၊ အရွယ်မျိုးစုံနဲ့လူမျိုးအသီးသီးရဲ့ကိုယ်ပိုင်အတွေ့အကြုံများကိုဟောပြောပေးနေခြင်းဖြစ် ပါတယ်။ ဦးတို့ကလေးဘဝကတုန်းကဒီလိုစာအုပ်တစ်အုပ်ဘဲဖတ်ခဲ့ရဘူးပါတယ်။ အဲဒါကဝန်ကြီးချုပ်ဦးနုဘာသာပြန်ခဲ့တဲ့ ‘လူပေါ်လူဇော်လုပ်နည်း’ ပါ။ နာမယ်ကြီးကအဓိပ္ပါယ်တစ်မျိုးထွက်နေလို့နောက်တစ်ခါ ‘မိတ္တဗလဋီကာ’ ဆိုတဲ့နာမယ်နဲ့ပြန်ထုတ်ပါတယ်။ အမေရိကန်နိုင်ငံက ဒေး(လ်)ကာနေဂီ ရဲ့စာအုပ်ကိုဘာသာပြန်ထားတာပါ။

ကလေးတို့စာများများဖတ်ဘို့လိုပါတယ်။ အဘိုးတန်တဲ့စာပေတွေတော်တော်များများကလည်းအင်္ဂလိပ်လိုရေးထားကြပါတယ်။ နပိုလီယန်ဟီးလ် ပြောခဲ့တာမမေ့နဲ့နော်၊ “လိုချင်ယုံနဲ့တော့မရသေးဘူး” ဆိုတာလေ။

ကလေးတို့စာတတ်ပေတတ်၊ ပညာတတ်တွေဖြစ်လာမဲ့လိမ္မာယဉ်ကျေးကလေးတွေဖြစ်ကြပါစေကွယ်။