ဓမ္မစကူးလ် စုံညီ ပွဲတော်

🙏🙏🙏 ဓမ္မစကူးလ် စုံညီ ပွဲတော် 🙏🙏🙏

တရားရှိကျောင်း
ထောင်သောင်းမှ
သိန်းပေါင်းများစွာ တိုးတက်ဖြာ။

ပေါင်းစုညီညာ
ပြည်သာယာ
မြို့ရွာနှံ့မှာ အလှဖြာ။

သားသား မီးမီး
ရှုမငြီး
ရင်းနှီးစေရာ ယဉ်ကျေးတာ။

ဪ… နိုင်ရာဝန်ထမ်း ယဉ်သောလမ်းဆီ ပင်ပန်းပေမယ့်ညီညာသမှု အကြောင်းပြု၍ ကောင်းမှုသဘင် အလှဆင်သ အမြင်လှကာ အတွေးသာဖို့ ဆရာဆရာမတို့ရဲ့မူ ကြူလှိုင်ဖြူဖွေး အယူသေးသေး အပေးနွေးဓာတ် မေတ္တာမြတ်ဖြင့် သားသားမီးမီးတို့အပေါ် ယဉ်ကျေးမှုကိုဖော်သွင်း ညီမျှခြင်းသည်ညီညာမှု ပြည်သာယာယုယပိုက်ထွေး လူ့ဘောင်တခွင်ငြိမ်းချမ်းရေးသာ….။

ဓမ္မစကူးလ် ဪ…ဓမ္မစကူးလ် စံပြထူးတဲ့ခေါင်းဆောင်ကောင်းများ စိတ်ကောင်းမြူးတဲ့နောက်လိုက်များ များစွာ များစွာ ဖြစ်စေကြဖို့ရာရည်သန် အားမာန်မြမြဖြင့် ကိုယ့်အလုပ်အလှအပျက်ခံ နွေတစ်ရက်သာကောင်းမှုမြှပ်နှံနေသလိုထင်ရသော်ငြား နေ့စဉ်နှလုံးသားထဲ အစစအရာရာရဲရဲတောက် စည်ပင်ပြန့်ပွားဖို့သာထောက်ထား နေ့မအားညမနား ဆရာတော်နှင့်ဆရာ,ဆရာမများသည်ကား မြန်ပြည်၏ရှေ့ဆောင်အားအစစ် ခန္တီကိုဖွင့် မေတ္တာဆင့်၍ အကျင့်ဖြူဖွေး တရားအေးနဲ့သာပျော် အနာဂတ်ကိုစိန်ခေါ်သမှု ငါတို့ပြုသမျှနောင်လာသားအတွက် ယဉ်ကျေးသောအသိုက်အဝန်းကြီးကိုဖက်တွယ် ဆုံးမရလွယ်ကူသောအိမ်ကျောင်းသွယ်တန်း ငြိမ်းချမ်းရေးရဲ့ပန်းခင်းထဲမှာ ညီညီညာညာအလှဖြာ….။

စုံ – စုံစုံအလွှာ
ညီ – ညီညီညာညာ
ပွဲ -ပွဲနွဲရာ ယဉ်ကျေးခြင်း
တော် – တော်,ကောင်းမွှေးရနံ့ ဓမ္မပန်းခင်းဆီ….။

စုံညီပွဲတော် နွဲပျော်ကြညီညာ တစ်ဦးအထာတစ်ဦးယုယ နားလည်မှုရသဟူသည် သည်းခံခြင်းအခြေပြု မေတ္တာနုပါမှသာ ရသစစ်ဆီသို့အလှဖြာ….။ ရိုးရာကိုမမေ့ ဓလေ့,စကားအနှစ်ကိုရစ်နွယ် မျက်စိသူငယ်ကိုဖွင့်နားအူကိုစွင့် အမျိုးသားရေးဖွင့် ဘာသာရေးပွင့်ကာ သာသနာအနှစ်ဝင့်ကာချီ ရိုင်းပင်းမှုကိုသီကာအသက်သွင်း ကူညီမ,စနှင်းသက် အကြည်ဆက်စရာပသာဒ ညီညွတ်မှသာငြိမ်းချမ်းအလှ…..။ တော်ပေါ်တောင်အောက် အထက်အောက်စုံဆန် အပြန်အသွားကာရံမိ သွေးချင်းတို့ရဲ့မိခင် မြန်ပြည်ရဲ့လွင်ပြင်ကျယ်ကြီးထဲမှာ ပြည်နယ်တိုင်းစုံစွာပြု တူပျော်ပျော်အလှနုထွေး စုံပေမယ့်မညီလျှင်အစေးမကပ် ညီညီညာညာစုံပါမှသာအမြတ်ပန်းခြယ်သ ပြည်မြန်မာပန်းဥယျာဉ်ရဲ့ရသစစ် အို….. ယဉ်ကျေးမှုရနံ့များအမြစ်တွယ် အနာဂတ်ပန်းများဝင့်ထည်သာယာ ဥမကွဲသိုက်မပျက်မွှေးကြူထုံသင်းဝေဝေဆာ……။

{အချို့မိဘများ လောကပညာများဖြင့်ရင်သွေးကိုနစ် ယဉ်ကျေးမှုရဲ့မျက်နှာစာကိုမဖွင့်လှန် မပြောတတ်,မဆိုတတ်အဆံသာရ ထေရဝါဒဆိုတာဘာရယ်မသိ တည်ခြင်းငါးချက်ရဲ့ရသအရှိပျက်ပြယ် ဘုန်းကြီးရဟန်းကို“ဟုတ်ကဲ့”သွယ်တန်း မှန်ပါဘုရားကိုကျော်ကာလှမ်း လက်ခြေများသရမ်းကာရော်ရိ လောကီပညာကိုသာမိမိရရ ပညာရှိကြလေသည်။ အို…အမိတို့… အို…အဖတို့…. လက်ဦးဆရာ မိဘနှစ်ဖြာအချိုးမကျ ရင်သွေးကိုအပြစ်ဖို့မည်ဆိုပါက လက်ဦးကိုအရင်ဖြတ်ပြီးမှသာအပြစ်ပြကြပါလော့…။}

🙏🙏🙏 ဓမ္မစကူးလ်၏ ရသ 🙏🙏🙏

ဗုဒ္ဓဂုဏ်ပွား
ကြည်ညိုများ
စိတ်ထာ ကောင်းပါ့မယ်။

တရားဂုဏ်ပွား
ကျင့်ကြံထွား
တို့များ ယဉ်ကျေးမယ်။

သံဃာ့ဂုဏ်ပွား
ကျေးဇူးများ
ကျိုးများ ကြီးလှတယ်။

သွားမယ် သွားမယ်
ဓမ္မစကူးလ်ဆီသို့ကွယ်
မင်္ဂလာရှိအောင်နေကြမယ်။

သနပ်ခါးလူး
သပ်ရပ်မြူး
အထူးသန့်ရှင်းစေရမယ်။

ပြောဆိုလိမ္မာ
မေးဖြေလွှာ
ရှင်,ဗျာအမွှာ သုံးကြမယ်။

ဆရာတော်မေး
အဖြေပေး
မြန်နှေးရှောင်ကာ ဖြေပါ့မယ်။

အဖြေဆုံးက
နောက်ဆုံးကြ
ပါလှဘုရား ထည့်ကြမယ်။
(မှန်လှပါဘုရား။ မှန်ပါဘုရား။ တင်ပါဘုရား)

မေး,လျှောက်လျှင်လည်း
နောက်စွယ်မြဲ
ပါမြဲဘုရား မေး,လျှောက်မယ်။
(ဘုန်းဘုန်းဘွဲ့အမည် ဘယ်လိုခေါ်ပါသလဲဘုရား)

အချင်းချင်းမြူး
အပျော်ကူး
ပျင်းဆူးတွေကို နှုတ်ပါ့မယ်။

ကစားနေရာ
ဒေါမပါ(ဒေါသ)
မေတ္တာဖွာကာ ထားပါ့မယ်။

အစားအစာ
ကျေညက်စွာ
ဝါးကာစားပြီး ညက်စေမယ်။

မဖိတ် မပြန့်
သတိကပ်
ပြပ်ပြပ်မည်အောင် စာဘူးကွယ်။

စားနေစဉ်တွင်း
စကားသင်း
ပြောခြင်းအလေ့ ရှောင်ကြမယ်။

စားသောက်ပြီးလျှင်
လက်ချောင်းတွင်
ရေစင်များနဲ့ ဆေးပါ့မယ်။

ရေနဲ့ဆေးစဉ်
ဆပ်ပြာမင်
သွင်သွင်ပိုးမွှား ဝေးဖို့ကွယ်။

လက်ဆေးပြီးသော်
ဖြူစင်ဖော်
ပျော်ပျော် လက်သုတ်ကြပါမယ်။

သောက်ရေခပ်ပြီး
နောက်လှမ်းမှီး
ဖြည်းဖြည်းညင်သာ သောက်ပါ့မယ်။

သောက်ပြီးရေကျန်
အိုးဖုံးထံ
မပြန်စေဖို့ အသိကြွယ်။

မင်္ဂလာပါ
ပြုံးရွှင်စွာ
ကြည်သာရွှင်ပြ ပြောကြမယ်။

မမှန် မဟုတ်
အကျိုးယုတ်
ပယ်နှုတ်၍သာ ပြောပါ့မယ်။

ဟုတ်မှန် ကျိုးရှိ
များများထည့်
အပြည့်နေ့စဉ် ပြောကြမယ်။

ကိုယ်နေယဉ်ကျေး
နှုတ်ချိုပေး
အလေးပေးကာ ကြိုးစားမယ်။

ကူညီစာနာ
စေတနာ
သဒ္ဓါကြည်စွာ ကူပါ့မယ်။

ညီညာဖြောင့်ဖြူး
ဆက်ဆံကူး
အထူးလိမ္မာ ရှိပါ့မယ်။

တို့သာသနာ
တို့ဘာသာ
စဉ်လာအဆက် ကောင်းလှတယ်။

တို့အမျိုးသား
စာ,စကား
မြင့်မားထည်ဝါ အလှကြွယ်။

အရဟံထေရ်
ပုဂံပြည်
အခြေတင့်တယ် စေခဲ့တယ်။

အနော်ရထာ
တွဲဖော်ပါ
မိစ္ဆာများကို တိုက်ထုတ်တယ်။

သာသနာလင်း
ဘာသာသွင်း
ထင်လင်းထည်ဝါ စေခဲ့တယ်။

အမျိုးကိုချစ်
ဘာသာတစ်
အနှစ်သာသနာ တည်စေတယ်။

တို့လက်ထက်ကျ
တာဝန်ပြ
အလှညီညာ ကြစို့ကွယ်။

တို့သာသနာ
တို့ဘာသာ
ဓွန့်ဖြာ ရှည်ကြာ စေရမယ်။

သွားမယ် သွားမယ်
ဓမ္မစကူးလ်ဆီသို့ကွယ်
သားတို့မီးတို့ အလှကြွယ်။

အားလုံး သာယာချမ်းမြေ့ကြပါစေ မေတ္တာဝေ….။