အော်တစ်ဇင်ကလေးဆိုသည်မှာ

အော်တစ်ဇင်ကလေးဆိုသည်မှာ

အော်တစ်ဇင်ကလေးဆိုတာကို ဘယ်လိုအခြေအနေတွေကိုကြည့်ပြီး သတ်မှတ်သလဲဆိုတော့ –
၁) သူဟာ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ တခြားပုံမှန်ကလေးတွေလောက် မလုပ်နိုင်ဘူး။
၂) သူ့ရဲ့စကားပြောဆိုမှုနဲ့ ဘာသာစကားအသုံးချမှုအပိုင်းတွေမှာ ပုံမှန်ထက်အားနည်းနေတယ်။
၃) သူ့ရဲ့စိတ်ဝင်စားနိုင်မှုဟာ အကန့်အသတ်နဲ့ဖြစ်နေတယ်။
၎) သူတို့မှာ အပြုအမူတစ်ခုကို ပုံမှတ်ထက်ကျော်လွန်ပြီး ထပ်ကာထပ်ကာလုပ်တတ်တဲ့ အလေ့အကျင့်ရှိနေတယ်။ (ဥပမာ – လက်တစ်ဖက်တည်းကိုအမြဲလှုပ်ခါနေတတ်ခြင်း၊ ခေါင်းကိုတဆတ်ဆိတ်ညိတ်နေခြင်း)
အထက်ပါအခြေအနေတွေမျိုးရှိတဲ့ကလေးတွေကို Autism Spectrum (အော်တစ်ဇင်အဆင့်) (၃)ဆင့်နဲ့ ထပ်မံပိုင်းခြားသတ်မှတ်နိုင်တယ်။
၁) အနုစား
၂) အလယ်အလတ်စား နဲ့
၃) အပြင်းစား တို့ ဖြစ်တယ်။
အဲ့ဒီအဓိပ္ပာယ်သတ်မှတ်ချက်တွေကို သတ်မှတ်ပေးတဲ့အဖွဲ့အစည်းကတော့ American Psychiatric Association (APA) (အမေရိကန်စိတ်ရောဂါဆိုင်ရာအဖွဲ့အစည်း) ဖြစ်ပါတယ်။
အဲ့ဒီအခက်အခဲတွေဟာ အော်တစ်ဇင်ကလေးတွေကို တခြားသူတွေနဲ့ ပြောဆို၊ပေါင်းသင်းဆက်ဆံတဲ့အခါမှာ အတားအဆီး၊ အနှောက်အယှက်တွေ ဖြစ်သွားစေတော့တာပါပဲ။
ဒါပေမဲ့ အော်တစ်ဇင်ဖြစ်တဲ့ကလေးတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက်မတူညီဘဲ ထူးခြားတဲ့ကွဲပြားမှုတွေရှိပါတယ်။ ဒါကြောင့်မို့လို့ အော်တစ်ဇင်ကလေးတွေအတွက် ပုံသေသတ်မှတ်ထားတဲ့ ကုထုံးတွေနဲ့ကုတာထက်စာရင် သူတို့ရဲ့ထူးခြားမှုအပေါ်မှာအခြေခံပြီးတော့ ကုထုံးကိုပြောင်းလဲအသုံးပြုတာက ပိုပြီးတော့သင့်လျော်ပါတယ်။ အဲ့ဒီလိုကုထုံးတွေကိုအသုံးပြုတဲ့အခါမှာလည်း ဘယ်လိုကုထုံးမျိုးကတော့ဖြင့် ကိုယ့်ကလေးနဲ့သင့်တော်တယ်၊ မသင့်တော်ဘူးဆိုတာကို အော်တစ်ဇင်ဖြစ်တဲ့ကလေးတွေရဲ့မိဘတွေအနေနဲ့က ကြိုတင်သိထားသင့်ပါတယ်။
ဥပမာအားဖြင့် – ကလေးအတွက်အသုံးပြုမယ့်ကုထုံးဟာ Behavioral Base (အပြုအမူကိုအခြေခံ၍) ကုသတဲ့ ကုထုံးလား (သို့မဟုတ်) Developmental Base (ဖွံ့ဖြိုးမှုကိုကြည့်ပြီးတော့) ကုသတဲ့ကုထုံးလားဆိုတာကို သိထားရပါမယ်။ ဒီကုထုံးတွေရဲ့ထိရောက်မှုကိုလည်း အကန့်အသတ်နဲ့သာတိုင်းတာနိုင်ပါသေးတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ထူးခြားတဲ့ အခြေအနေတွေကိုကြည့်ပြီး ဘယ်လိုကုထုံးမျိုးက ကိုယ့်ကလေးအတွက် မြန်ဆန်ထိရောက်မှုရှိတယ်၊ မရှိဘူးဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အော်တစ်ဇင်ကျွမ်းကျင်သူတွေအားလုံး တညီတညွတ်တည်းလက်ခံထားတဲ့အရာကတော့ အော်တစ်ဇင်ကလေးတစ်ယောက်ကို စောနိုင်သမျှစောအောင်ကုသပေးခြင်းနဲ့၊ အဲ့ဒီကုသမှုအပိုင်းမှာ မိဘတွေရဲ့ပူးပေါင်းပါဝင်မှုဟာ အရေးအကြီးဆုံးဖြစ်တယ်ဆိုတာပါပဲ။ မိဘတွေရဲ့ပူးပေါင်းပါဝင်လုပ်ဆောင်မှုနဲ့ အော်တစ်ဇင်နဲ့ပတ်သက်ပြီး နားလည်မှုစွမ်းရည်မြင့်မားမှုဟာ ကလေးတွေကိုကုသတဲ့နေရာမှာ ပိုပြီးအကျိုးရှိစေပါတယ်။ ယခုရေးသားတင်ပြမယ့် အော်တစ်ဇင်ကုထုံးဟာ Developmental Approach (DIR/Floortime model by Stanley Greenspan) ရဲ့ ကုထုံးအပေါ်မှာ အခြေခံပြီးရေးသားထားတာဖြစ်ပါတယ်။ ဒီကုထုံးဟာ စာရေးသူရဲ့ လက်ရှိအသုံးပြုနေတဲ့ ကုထုံးအမျိုးအစားဖြစ်ပါတယ်။ ဒီ Floortime နည်းလမ်းမှာဆိုရင် အဓိကဦးတည်တာက အော်တစ်ဇင်ကလေးငယ်များကို ဖွံ့ဖြိုးမှုမိုင်တိုင် အဆင့်(၆)ဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့်ရောက်ရှိသွားအောင် ပြုလုပ်ပေးရန်ပဲဖြစ်ပါတယ်။ ဒီဖွံ့ဖြိုးမှုအဆင့်တွေကိုရောက်ရှိရန်အတွက် ကလေးကဦးဆောင်သောကစားနည်းများကို ကစားစေပြီး ကလေးနဲ့ကုသသူရဲ့ကြားမှာ အပြန်အလှန် တုံ့ပြန်ဆက်ဆံခြင်းအားဖြင့် ဖွံ့ဖြိုးမှုအဆင့်ကိုရရှိရန် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
အော်တစ်ဇင်ကလေးများဟာ ယေဘူကျအားဖြင့် သူတို့မှာရည်ရွယ်ချက် ပျောက်ဆုံးနေတတ်ကြပါတယ်။ အကြောင်းအရာတစ်စုံတစ်ရာတစ်ခုခုကို ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ဆောင်နိုင်ဖို့ရန် သူတို့အတွက် အခက်အခဲရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့အမူအယာတွေဟာ ရည်ရွယ်ချက်မဲ့သလိုမျိုး ဖြစ်တတ်ပြီးတော့ အပြုအမူတစ်ခုကို ထပ်ခါထပ်ခါ လုပ်နေတတ်ပါတယ်။ တစ်ခါတရံမှာလည်း ဦးတည်ရာမဲ့ရောက်တက်ရာရာမျိုး ဖြစ်တတ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့လိုအင်ဆန္ဒတွေ၊ခံစားချက်တွေနဲ့ သူတို့ရဲ့အပြုအမူကို ချိတ်ဆက်ဖို့ရန် မတတ်နိုင်ကြသူတွေဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ခံစားမှုတွေ၊ လိုအင်ဆန္ဒတွေကို ဖော်ပြဖို့အတွက် စကားလုံးတွေသုံးစွဲခြင်းအပိုင်းမှာလည်း အားနည်းပါတယ်။ အဲ့ဒီအခြေအနေဟာ သူတို့အတွက် ဘာသာစကားဖွံ့ဖြိုးမှုကို အဟန့်အတားကြီးတစ်ခု ဖြစ်စေပါတယ်။ သာမန်ကလေးများအနေနဲ့ကတော့ သူတို့ရဲ့စိတ်ခံစားမှုတွေ၊ လိုအင်ဆန္ဒတွေကို ဘာသာစကားအသုံးပြုပြီး လွယ်လင့်တကူ ပြုမူ၊ပြောဆိုနိုင်သော်လည်း၊ အော်တစ်ဇင်ကလေးများအနေနဲ့ကတော့ သူတို့ခံစားရသမျှနဲ့ သူတို့ရဲ့လိုအင်ဆန္ဒဟူသမျှကို ထုတ်ဖော်၊ပြောပြနိုင်ဖို့အတွက် စကားလုံးတွေအသုံးပြုပြီး ပြုမူပြောဆိုနိုင်မှုအပိုင်းမှာ အားနည်းကြပါတယ်။ အဲ့ဒါကြောင့် အော်တစ်ဇင်ကလေးတွေကို ဖွံ့ဖြိုးမှုအဆင့်တွေကိုမကျော်လွန်စေဘဲ တစ်ဆင့်ပြီးတစ်ဆင့် သူ့အဆင့်အလိုက် ပြုစုပျိုးထောင်ဖို့ရန် သိပ်ကိုအရေးကြီးပါတယ်။ တချို့မိဘတွေဟာ သူတို့ကလေးစကားပြောအခက်အခဲဖြစ်နေတဲ့အပေါ်မှာပဲ အာရုံစိုက်ပြီးတော့ ကလေးစကားပြောလာနိုင်တဲ့အထိ စောင့်ကြည့်နေတတ်ကြပါတယ်။ တကယ်တော့ သူတို့ရဲ့စိတ်ခံစားမှုအပိုင်းကို တိုးမြင့်လာအောင်လုပ်ဆောင်နိုင်မှသာလျှင် သူတို့ရဲ့ဘာသာစကားစွမ်းရည်ကလည်း အတူလိုက်ပါတိုးတက်လာမှာဖြစ်ပါတယ်။

မိမိကလေးများ၏ဖွံ့ဖြိုးမှုအဆင့်များကို နားလည်သဘောပေါက်ခြင်း

ပုံမှန်ကလေးတစ်ယောက်ဟာ ဖွံ့ဖြိုးမှုအဆင့်(၆)ဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့်ဖြတ်သန်းပြီးတဲ့နောက်မှာ သူတို့ရဲ့ခံစားမှုနဲ့ဆိုင်တဲ့ အတွေ့အကြုံတွေဖြစ်ပေါ်လာပြီး အဲ့ဒီအတွေ့အကြုံကပဲ ကလေးငယ်ရဲ့သိစိတ်ဖွံ့ဖြိုးမှု (Cognitive)၊ လူမှုပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှု (Social)၊ စိတ်ခံစားမှု (Emotional)၊ ဘာသာစကား (Language)၊ လှုပ်ရှားမှုဆိုင်ရာစွမ်းရည် (Motor Skills)၊ ကိုယ့်ကိုယ်ကို သိမြင်မှု (Sense of Self) အစရှိတဲ့ ဖွံ့ဖြိုးမှုအဆင့်တွေဖြစ်ပေါ်စေပါတယ်။

ဖွံ့ဖြိုးမှုမိုင်တိုင် (၁) ပြင်ပလောကကို စတင်စိတ်ဝင်စားလာခြင်း

ကလေးတွေဟာ လူ့လောကကိုစတင်ဝင်ရောက်လာလာချင်းမှာပဲ သူတို့ပတ်ဝန်းကျင်မှာရှိနေတဲ့ အရာအားလုံး (အရာဝတ္ထုလှုပ်ရှားမှုများ၊ အသံများ၊ မြင်နိုင်သောအရာများ၊ အနံ့များ၊ အငွေ့များ၊ အထိအတွေ့များ) ကို စတင်ခံစားသိရှိပါတယ်။ အဲ့ဒီလိုမျိုး မြောက်မြားလှစွာသော ကလေးငယ်ရဲ့ဘေးမှာရှိနေတဲ့အရာတွေက ကလေးငယ်ရဲ့စိတ်ဝင်စားမှုကို မြင့်တက်လာအောင် လှုံ့ဆော်ပေးပါတယ်။ တဖြည်းဖြည်းနဲ့ကလေးငယ်ဟာ ဘယ်လိုအရာမျိုးက သူ့အတွက်အဆင်ပြေတယ်၊ သူ့ကိုအေးချမ်းစေတယ်ဆိုတာမျိုးကို သတိပြုမိလာပါတယ်။ ဥပမာအားဖြင့် – အမေ့ရဲ့အသံတိုးတိုးလေးနဲ့ အမေ့ရဲ့ညင်သာစွာရင်ခွင်မှာထားပြီး လှုပ်ခတ်တာလေးတွေ၊ သီချင်းသံတိုးတိုးလေးတွေ၊ အလင်းရောင်နွေးနွေးလေးတွေ အစရှိတဲ့အရာတွေကို ကလေးကခံစားရပါမယ်။
ဒီနေရာမှာ အောက်မှာပေးထားတဲ့ ဥပမာလေးနှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ။ မောင်ကနဲ့ မောင်ခ ဆိုပါစို့။
သူတို့မှာ အော်တစ်ဇင်လို့ယူဆလို့ရတဲ့ အရာတချို့ကို တွေ့နေရပါတယ်။

“မောင်ကဟာ သာမန်ထက်ပိုပြီး စိတ်တို၊ စိတ်ဆိုးလွယ်လွန်းတဲ့ ကလေးတစ်ယောက်ပါ။ သူ့ကိုချော့ရတာလည်း သိပ်ခက်ပါတယ်။ ငိုရင်လည်းမတိတ်တော့ဘူး။ တချိန်လုံးငိုပဲငိုနေတယ်။ သူ့မိဘတွေက နည်းပေါင်းစုံကြိုးစားပါတယ်။ ပုခက်ထဲလှုပ်သိပ်တယ်၊ ချီထားတယ်။ ဒါပေမဲ့ တစ်ခုမှအလုပ်မဖြစ်ပါဘူး။ နောက်ဆုံးတဖြည်းဖြည်းနဲ့မိဘတွေ ပင်ပန်းပြီး စိတ်ပျက်ညစ်ညူးမှုဖြစ်ပေါ်လာပါတယ်။
မောင်ခကတော့ သိပ်ကိုအေးတဲ့ကလေးလေးပါ။ သူသိပ်လည်းမငိုပါဘူး။ ဒါပေမဲ့ သူကဘာကိုမှလည်း စိတ်ဝင်စားတဲ့ပုံမပေါ်ပါဘူး။ ပြုံးပြရင်၊ ကလိထိုးရင်၊ မျက်လုံးချင်းဆုံဖို့ကြိုးစားရင်လည်း ပြန်ပြီးတော့ တုံ့ပြန်မှုအရမ်းနည်းပါတယ်။ သူ့ကိုဘယ်အရာကမှမဆွဲဆောင်နိုင်ပါဘူး။
အပေါ်ကပေးထားတဲ့ကလေးနှစ်ယောက်ရဲ့ အခြေအနေနှစ်ခုမှာ ကလေးနှစ်ယောက်လုံးက သူတို့ရဲ့ခံစားမှုနဲ့ပတ်သက်တဲ့ဖွံ့ဖြိုးမှုအဆင့်ကို ကောင်းကောင်းမရောက်ရှိခဲ့တာကို တွေ့နေရပါတယ်။ ”

ဖွံ့ဖြိုးမှုမိုင်တိုင် (၂) လူကို ချစ်ခင်ရင်းနှီးလိုစိတ်

ပြင်ပကမ္ဘာကိုစိတ်ဝင်စားလာတာနဲ့အမျှ လူတွေနဲ့ပြောဆို၊ ဆက်ဆံ၊ ပြုမူရတဲ့အပေါ်မှာလည်း နှစ်သက်သာယာမှုဖြစ်လာတတ်တာ ဓမ္မတာပါပဲ။ သဘာဝအားဖြင့် ကလေးတို့အနေနဲ့ ချစ်ခင်ရင်းနှီးလိုစိတ် ပေါ်လာသူများကတော့ သူတို့နဲ့အနီးကပ်ဆုံးနေသူ အဖေနဲ့အမေပဲဖြစ်ပါတယ်။ သူတို့နဲ့ အရင်နှီးဆုံးဖြစ်တဲ့ အဖေနဲ့အမေ (သို့မဟုတ်) ကလေးပြုစုစောင့်ရှောက်သူများဆီကနေ ချစ်ခြင်းမေတ္တာ၊ နွေးထွေးလုံခြုံမှုနဲ့ ပျော်ရွှင်မှုကိုရရှိမှုဟာ ကလေးများ အနာဂါတ်မှာ အခြားလူတွေကို ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင် ယုံယုံကြည်ကြည်နဲ့ ဆက်ဆံတတ်စေဖို့အတွက် အခြေခံကျတဲ့အရာပဲဖြစ်ပါတယ်။ ဒီလို ရင်းရင်းနှီးနှီး ဆက်ဆံ တတ်မှုဟာ ကလေးတို့ရဲ့လှုပ်ရှားမှု ဆိုင်ရာစွမ်းရည်၊ သိစိတ်၊ ဘာသာစကားစွမ်းရည်တွေကို ပိုပြီးခိုင်မာ လာစေဖို့အတွက် ကူညီပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီရင်းနှီးခင်မင်ချင်စိတ်ဟာကလေးတို့ကို သူတို့ရဲ့ လက်သေးသေးလေးတွေနဲ့ လူကြီးရဲ့နှာခေါင်း၊ပါးစပ်စတာတွေကို ကိုင်ကြည့်ဖို့ ၊ မျက်လုံးချင်းဆုံဖို့နဲ့ သီချင်းသံ၊စကားပြောသံ စတဲ့အသံတွေကို မှတ်မိဖို့အတွက် တွန်းအားတစ်ခုဖြစ်စေလို့ပါပဲ။

“အသက်ခြောက်လအရွယ် မောင်ဂငယ်လေးဟာ သူ့အမေ သူ့ကို ထိလို့ကိုင်လို့ မရ၊ ချော့လို့မြူလို့မရအောင်ဘဲ ရုန်းကန် တုန့်ပြန်တတ်ပါတယ်။ သူ့မေမေက သူ့ကို ချီပွေ့လိုက်တိုင်းမှာပဲ ပြင်းပြင်းထန်ထန် စူးစူးဝါးဝါးကို အော်ငိုတော့တာပါပဲ။ သူ့အမေမှ မဟုတ်ဘူး။ သူ့အဖေနဲ့အဖွားကို လည်း အဲဒီ့အတိုင်းပဲ တုန့်ပြန်ပါတယ်။ နောက်ဆုံးတော့ သူ့မိဘတွေလည်း မောင်ဂငယ်လေးကို ရေချိုး၊ ထမင်းကျွေး အမြဲလုပ်ပေးနေသူကလေးထိန်းနဲ့ပဲ ပစ်ထားလိုက်ရပါတော့တယ်။
အသက်ခုနှစ်လအရွယ် မောင်ဃကြီးလေးကတော့ မောင်ဂငယ်လေးနဲ့ ပြောင်းပြန်ပါပဲ။သူက အေးလွန်းတယ်။ သူ့မေမေက သူ့ကို ချော့မြူစကားပြောတယ်။ သူရယ်အောင်လို့ မျက်နှာကို အမျိုးမျိုးပြောင်ပြတယ်။ ရယ်စရာတွေလုပ်ပြတယ်။ သီချင်းဆိုပြတယ်။လက်ခုတ်တီးပြတယ်။ မောင်ဃကြီးလေးကို ကြည့်ပြီးတော့ စကားတွေလည်းပြောပါတယ်။ ဒါပေမယ့် သူကတော့ အင်းမလုပ်အဲမလုပ်ဘဲ။ တစ်ချက်တစ်ချက်တော့ မေမေ့ကိုကြည့်ပေမယ့် တုံ့ပြန်မှုကတော့ အားနည်းပါတယ်။
ဒီကလေးနှစ်ယောက်ဟာလည်းပဲ လူတွေအပေါ်ချစ်ခင်ရင်းနှီးလိုစိတ်နဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးမှုအဆင့်ကို ကောင်းကောင်းမရောက်ရှိခဲ့ဘူးဆိုတာကို တွေ့နေရပါတယ်။ ”

ရှေ့လမှာ ကျန်နေသေးတဲ့ဖွံ့ဖြိုးမှုမိုင်တိုင်များနဲ့ ကလေးတို့ရဲ့ ဖွံဖြိုးမှုမိုင်တိုင်များ ဖွံ့ဖြိုးလာအောင်လို့ ဘာတွေကို ဘယ်လို ထောက်ပံ့မှုပေးရမယ်ဆိုတဲ့အကြောင်းကို ဆက်လက်တင်ပြဆွေးနွေးသွားပါ့မယ်။

Wailee KUI
Certified Child Therapist
(Play and Filial Therapy-PTI/PTUK; DIR/Floortime®-ICDL)
Clinical Supervisor (PTI)
Course Director (APAC)