လိမ္မာအောင် ဆုံးမပေမဲ့ သားသမီးတွေ ဘာကြောင့် ဆိုးသတဲ့ ဆိုးသွားရတာလဲ။

သားသမီးရဲ့ လုပ်ရပ်အပေါ် အဆိုးအကောင်း နည်းလမ်းပြချပါ။ မထိန်းချုပ်ပါနဲ့။
ဆယ်ကျော်သက်အရွယ်တစ်ယောက်ကို ၅နှစ် ၆နှစ်အရွယ် ကလေးတစ်ယောက်လို ထိန်းချုပ်နေရင် သင်အုပ်ထိန်းမှုက လွတ်မြောက်သွားတဲ့အခါ ဆိုးသထက်ပိုဆိုးသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ အတွေးထဲမှာတော့ ကိုယ့်သားသမီးက ဘယ်အရွယ်ရောက်ရောက်ကလေးလို့ပဲမြင်နေတတ်ပါတယ်။ဒါပေမဲ့ သင့်သားသမီးရဲ့ အတွေးမှာတော့ သူ့ကိုသူ လူကြီးတစ်ယောက်လိုခံယူချင်ရင် ခံယူနေပါလိမ့်မယ်။ ဒီအချိန်မှာ သင့်က စိုးရိမ်စိတ်နဲ့ ဟိုဟာဆိုလည်း မလုပ်နဲ့၊ ဒီနေရာဆိုလည်း မိဘမပါဘဲ မသွားရဘူး စတဲ့ ထိန်းချုပ်မှုတွေက များလာတဲ့အခါ အရွယ်ရောက်လို့ သင့်ရဲ့ အုပ်ထိန်းမှုအောက်ကလွှတ်မြောက်သွားရင် ဇောင်းထဲက မြင်းကို လွတ်ပေးလိုက်သလို တဟုန်ထိုးသူလုပ်ချင်တာ မှားမှားမှန်မှန်လိုက်လုပ်ပါလိမ့်မယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ကိုယ့်သားသမီးရဲ့ လုပ်ရပ်အပေါ် အဆိုးနဲ့ အကောင်း နှစ်ခုစလုံးကို နည်းလမ်းချပြပါ မထိန်းချုပ်ပါနဲ့။

ကိုယ့်အားကိုယ်ကိုးချင်တဲ့စိတ်ရှိအောင် ကိစ္စတိုင်းလိုက်မလုပ်ပေးပါနဲ့။ အကြံပေးပါ။
ငယ်ငယ်လေးထဲကချစ်လွန်းလို့ အလိုလိုက်ထားပြီး ဘာမှ မလုပ်ခိုင်းဘဲ ကြီးလာမှ ဟိုဟာလုပ် ဒီဟာလုပ်ဆိုရင် သင့်ကလေးက လုပ်ချင်မှာမဟုတ်ပါဘူး။ အကယ်၍လုပ်ခဲ့သည်ရှိသော် အလွဲလွဲအမှားမှားနဲ့ပဲကြုံတွေ့နေရပါလိမ့်မယ်။ ဒါ့ကြောင့် အစကောင်းမှ အနှောင်းသေချာဆိုတဲ့စကားအတိုင်းငယ်ငယ်လေးထဲက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် သင်တတ်သမျှအရာအားလုံးကို သင်ပေးပါ။ သင်ကိုယ်တိုင်လိုက်လုပ်စရာမလိုပါဘူး။ မိဘဆိုတာ သားသမီးနဲ့ အမြဲနေကြမှာမဟုတ်ပါဘူး အချိန်တန်ရင် ရှင်ကွဲ ဒါမှမဟုတ် သေကွဲ ခွဲရတဲ့ သူတွေချည်းပါပဲ။ ဒါ့ကြောင့် သင်နဲ့အတူမရှိတော့တဲ့အချိန်မှာ သင့်သားသမီးက ကိုယ့်အားကိုကိုးချင်စိတ်ရှိအောင် နည်းပေးလမ်းပြခဲ့ပါ။

သင့်သားသမီးကိုယ့်ကိုကိုယ်ယုံကြည်မှုရှိအောင် မြေတောင်မြှောက်ပေးပါ။ မစိုးရိမ်ပါနဲ့။
တခါတလေမှာ ကလေးတွေက သူတို့လုပ်ချင်တဲ့ အရာ/ ဖြစ်ချင်တဲ့အရာ ကို မိဘတွေကို ရင်ဖွင့်ကြတယ်။ ဒါပေမဲ့ မိဘတွေကတော့ ကိုယ့်သားသမီးတစ်ခုခုဖြစ်မှာစိုးပြီး အဆိုးဘက်ကို အရင်တွေးပြီး ခွင့်မပြုတတ်ကြပါဘူး။ ဒါက ကိုယ့်သားသမီးအပေါ် ယုံကြည်မှုမရှိရာရောက်ပါတယ်။ သင့်အနေနဲ့ သူတို့ပြုလုပ်ချင်တဲ့အရာ/ ဖြစ်ချစ်တဲ့အရာကို ကောင်းပေမဲ့ ဒါကို ငါ့သားသမီးလုပ်နိုင်မှာမဟုတ်ဘူး/မဖြစ်နိုင်ဘူးလို့ မတွေးထားပါနဲ့။ သင့်အနေနဲ့ က ဒီလုပ်ရပ်ရဲ့ အကောင်းနဲ့အဆိုး နှစ်ခုစလုံးကို ပြောပြသင့်ပါတယ်။ ကိုယ်တိုင်းမပြုလုပ်နိုင်ရင်တောင် စိတ်ဓာတ်ခွန်အားရှိအောင်အားပေးပေးပါ။ အနည်းဆုံးတော့သင့်သားသမီးအတွက် အတွေ့အကြုံကောင်းတစ်ခု ရရှိသွားမှာဖြစ်ပါတယ်။ ကြီးလာတဲ့အခါကြရင်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။

သင်ဖြစ်ချင်တဲ့ ဝါသနာထက် သင့်သားသမီးဖြစ်ချင်တဲ့ ဝါသနာကို ဦးစားပေးပါ။
လူတိုင်းက ဝါသနာပါရာကို လုပ်နေရရင် စိတ်ချမ်းသာ ပျော်ရွှင်နေကြတဲ့သူတွေချည်းပါပဲ။ မလုပ်ချင်တဲ့ အလုပ်ကို အချိန်အတော်ကြာပေးဆပ်ပြီးလုပ်နေရတာထက် ကိုယ်လုပ်ချင်တဲ့ ဝါသနာကို အရင်းခံပြီး အလုပ်လုပ်ရတာက ပိုပြီးအောင်မြင်မှုရရှိမှာဖြစ်ပါတယ်။ ကိုယ့်အလှည့်တုန်းက ဆရာဝန်ကြီးမဖြစ်ခဲ့လို့ကိုယ့်သားသမီးအလှည့်ကျရင် ဆရာဝန်ကြီးဖြစ်ရလိမ့်မယ်ဆိုတဲ့အတွေးနဲ့ ပုံစံခွက်ထဲထည့်ပြီး လုပ်ယူနေရင်တော့ သင့်သားသမီးက ဆရာဝန်ဖြစ်ကောင်းဖြစ်သွားနိုင်ပေမဲ့ ဆရာဝန်ကောင်းတစ်ယောက်တော့ ဖြစ်ချင်မှ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်သားသမီးရဲ့ ဝါသနာကိုအကောင်းဆုံးဖြစ်အောင်သာသင့်အနေနဲ့ ပံ့ပိုးပေးဖို့သာလိုအပ်ပါတယ်။

ပတ်ဝန်းကျင် ရွေးချယ်မှုမမှားပါစေနဲ့။
ငယ်ငယ်က သင်ခဲ့ရတဲ့ ကျေးညီနောင် ဇာတ်လမ်းလေးလိုပဲ ညီကိုနှစ်ယောက်ဖြစ်ပေမဲ့ ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်က ကွာခြားတဲ့အခါ စိတ်ဓာတ်တွေက ဆန့်ကျင်ဘက်တွေဖြစ်သွားပါတယ်။ သင့်မှာသားသမီးနှစ်ယောက်ရှိပြီး တစ်ယောက်က လိမ္မာတယ်၊ တစ်ယောက်ကတော့ ဆိုးသွမ်းတယ်။ ဒါက သူတို့အမြဲထိတွေ့နေရတဲ့ ပတ်ဝန်းကျင်နဲ့ တော်တော်များများသက်ဆိုင်တယ်လို့ထင်ပါတယ်။ ဘာကြောင့် ပတ်ဝန်းကျင်ကိုလိုက်ပြီး သင့်သားသမီး စိတ်ဓာတ်ပြောင်းလဲသွားလဲဆိုတာက သင့်ပေါ်မူတည်ပါတယ်။ မိသားစုနှစ်စုမှာ သင်တို့မိသားစုက လိမ္မာပြီး၊ ကျန်မိသားစုက ဆိုးသွမ်းတယ်ပဲ ထားပါတော့။ ဒါပေမဲ့ သင့်သားသမီးက ဒီဆိုးသွမ်းတဲ့မိသားစုဘက်က အကျင့်စရိုက်တွေကူးစက်ခဲ့တယ်ဆိုရင် သင့်ရဲ့ အုပ်ထိန်းမှုပေါ့လျော့ခဲ့လို့ပဲဖြစ်ပါတယ်။ သင်သာ ကောင်းမွန်စွာ အုပ်ထိန်းခဲ့မယ်ဆိုရင် ဒီဆိုးသွမ်းတဲ့ မိသားစုကလည်း လိမ္မာတတ်ဘက်ကို အနည်းနဲ့အများ ကူးပြောင်းလာမှာဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage