ရွှေဒင်္ဂါးအပြား ငါးဆယ်

ကလေးတို့အတွက်ပုံပြင် – ရွှေဒင်္ဂါးအပြား ငါးဆယ်

ကလေးတို့ရေ …

လူတွေဘာဖြစ်လို့လိမ်ညာပြောတတ်ကြသလဲကလေးတို့သေသေချာချာတွေးဘူးကြသလားကွယ်။ အဖြေ တွေကအများကြီးထွက်လာနိုင်ပါတယ်။ ဒါပေမဲ့အဖြေရင်းကနှစ်ခုဘဲရှိပါတယ်။ ဒီကလေးတွေကိုငယ်စဉ်ထဲကမိဘတွေ (သို့မဟုတ်) ပတ်ဝန်းကျင်အသိုင်းအဝိုင်းကဖြစ်စေမှန်တာပြောရတာမကြောက်ဘို့နဲ့မှန်တာပြောရတာကိုဂုဏ်ယူဘို့သွန်သင်မှု၊ အားပေးမှုမရှိခဲ့လို့ပါဘဲ။

တစ်ခါတုန်းကအင်မတန်ချမ်းသာတဲ့သူဌေးကြီးတစ်ဦးရှိခဲ့သတဲ့။ ဒီသူဌေးကြီးဟာချမ်းသာသ လောက်ကပ်စေးနည်းပြီးကောက်ကျစ်သတဲ့ကွယ်။ လိမ်လို့ရသလောက်လိမ်ချင်တဲ့အကျင့်ရှိသေးတယ်ကွဲ့။

ဒီသူဌေးကြီးဟာသူပိုင်တဲ့ရွှေဒင်္ဂါးအပြားငါးဆယ်ကိုကတ္တီပါအိတ်ကလေးတစ်ခုနဲ့ထည့်ထားသတဲ့။ အဲဒီကတ္တီပါအိတ်ကလေးကိုနေ့စဉ်ထုတ်ကြည့်၊ ရွှေဒင်္ဂါးပြားတွေပွတ်ကြည့်နဲ့လုပ်နေရတာသူ့ဝါသနာပါဘဲကွယ်

တစ်ရက်မှာတော့သူ့ကတ္တီပါအိတ်ပျောက်သွားပါလေရောကွယ်။ သူ့ခမျာတစ်သက်လုံးရှာခဲ့စုခဲ့ရတာမို့သူဌေးကြီးခမျာမျောက်မီးခဲကိုင်မိသလိုလို၊ ငယ်ထိပ်ဘဲမြွေပေါက်ခံရသလိုလို၊ အရူးမီးဝိုင်းဖြစ်နေတော့တ ပေါ့ကွယ်။ တိုးတိုးတိတ်တိတ်တစ်ယောက်ထဲနေရာအနှံ့လိုက်ရှာပေမဲ့မတွေ့ခဲ့ပါဘူး။

နောက်ဆုံးတော့ “ရွှေဒင်္ဂါးပြားတွေပါတဲ့ကတ္တီပါအိတ်တစ်အိတ်တွေ့လို့ပြန်ပေးနိုင်တဲ့လူကိုရွှေဒင်္ဂါးတစ်ပြားဆုချမယ်” လို့သူ့အလုပ်သမားတွေကိုကျေငြာရတော့တာပါဘဲ။

ရက်အနည်းငယ်ကြာတော့အလုပ်သမားကြီးတစ်ဦးရဲ့သမီးလေးကအိတ်လေးတစ်အိတ်ကောက်ရလို့ဖွင့်ကြည့်တော့အထဲမှာရွှေဒင်္ဂါးပြားတွေတွေ့တာနဲ့သူ့အဖေဆီပြေးပြီးပြပါလေရောကွယ်။ သူ့အဖေကရွှေဒင်္ဂါးပြားတွေကိုထုတ်ပြီးရေတွက်ကြည့်ပါတယ်။ ရွှေဒင်္ဂါးပြားတွေတွေ့လို့ “ဒါသူဌေးကြီးပျောက်သွားတဲ့အိတ်ဘဲ။ သူ့ဒင်္ဂါးပြားတွေပြန်ရယင်သိတ်ဝမ်းသာရှာမှာ။ လာသမီး၊ အခုဘဲသွားပေးလိုက်ကြ ရအောင်” ဆိုပြီးသမီးလေးလက်ဆွဲလို့သူဌေးကြီးဆီသားအစ် ဖနှစ်ယောက်သွားကြသတဲ့ကွယ်။

သူဌေးကြီးကရွှေဒင်္ဂါးပြားတွေကိုရေကြည့်ပြီး “မောင်မင်း၊ ရွှေဒင်္ဂါးပြားအနည်းအကျဉ်းများယူထားလေသလား” လို့မေးတော့အလုပ်သမားကြီးကလန့်သွားပြီး “ကျွန်တော်မျိုးတစ်ပြားမှမယူရပါဘူးခင်ဗျာ” လို့ပြန်ဖြေသတဲ့။ သူဌေးကြီးက “အဲဒါဆိုယင်တော့တစ်ယောက်ယောက်ယူထားတာဘဲ။ ငါဒီထဲမှာ ၇၅ ပြား ထည့်ထားတာ ၂၅ ပြားလျော့နေပြီ” ဆိုတော့ “ကျွန်တော်မျိုးမှန်တာပြောတာပါခင်ဗျာ။ မိဘတွေကိုတိုင်တည်ပြီးကျိန်ရဲပါတယ်” ဆိုတော့သူဌေးကြီးက “အေး၊ မင်းတရားရုံးရောက်မှကျိန်ပြပေတော့ဟေ့။ မင်းကိုဥပဒေလက်ထဲအပ်ရမယ်” ဆိုပြီးရဲစခန်းကိုသွားတိုင်ပါလေရောကွယ်။ အလုပ်သမားကြီးလည်းလက်ထိပ်တန်းလန်း၊ မျက်ရည်စက်လက်နဲ့ ရဲတွေနောက်ကိုလိုက်သွားရပါတယ်ကွယ်။

နောက်နေ့မှာသူ့ကိုတရားရုံးထုတ်တော့တရားသူကြီးကိုသူဌေးကြီးက ‘သူ့အလုပ်သမားကရွှေဒင်္ဂါး ၂၅ ပြားခိုးထားကြောင်း’ စွဲချက်တင်ပါတယ်ကွယ်။

တရားသူကြီး။ မောင်မင်းသူဌေးဆီကရွှေဒင်္ဂါး ၂၅ ပြားယူထားသလား။
စွပ်စွဲခံရသူ။ မယူပါဘူးခင်ဗျာ။
တရားသူကြီး။ ဒီအိတ်ဟာမောင်မင်းကောက်ရတဲ့အိတ်သေချာလား။
စွပ်စွဲခံရသူ။ သေချာပါတယ်ခင်ဗျာ။
တရားသူကြီး။ အိတ်ကိုဖွင့်ကြည့်တော့ဘာတွေ့လဲ။
စွပ်စွဲခံရသူ။ ရွှေလို့ထင်တဲ့ဒင်္ဂါးအပြား ၅ဝ တွေ့ပါတယ်ခင်ဗျာ။
တရားသူကြီး။ မောင်မင်းအခုပြောခဲ့တာတွေအမှန်ဘဲဆိုတာကျိန်ပြောဝံ့သလား
စွပ်စွဲခံရသူ။ ကျိန်ပြောဝံ့ပါတယ်ခင်ဗျာ။
တရားသူကြီး။ အမိန့်ချမယ်။ အားလုံးနားထောင်ကြ။ သူဌေးကြီးအိတ်မှာဒင်္ဂါး ၇၅ ပြားပါပြီးဒီအိတ်မှာဒင်္ဂါးပြား ၅ဝ သာပါတဲ့အတွက်၊ ဒီအိတ်ဟာသူဌေးကြီးအိတ်မဖြစ်နိုင်။ ကောက်ရသူသာပိုင်ဆိုင်စေ။
တရားလို။ တရားသူကြီးမင်းခင်ဗျား။ တစ်ဆိတ်လောက်နေပါအုန်း။
တရားသူကြီး။ အမိန့်ချပြီးပြီ။ မကျေနပ်ယင်အယူခံပြန်ဝင်။ အခုအားလုံးအိမ်ပြန်ကြ။

အလုပ်သမားကြီးဟာသူ့သမီးလေးလက်ကိုဆွဲပြီးအဲဒီအရပ်ကိုစွန့်ခွါလို့ထွက်သွားခဲ့ပါတော့တယ်ကွယ်။

ကလေးတို့မှတ်ထားနော်။ အမြဲတန်းလိမ်ညာပြောတတ်တဲ့လူတစ်ယောက်ကိုဘယ်သူမှမလေးစားကြဘူးကွဲ့။

ပုံပြင်ကလေးကတော့ဒါပါဘဲကွယ်။ ကလေးတို့မုသာဝါဒကင်းတဲ့၊ အကြွားအဝါကင်းတဲ့ကလေးများဖြစ်ကြပါစေကွယ်။