ကလေးတို့အတွက်ပုံပြင် – ယာ့(ရှ်) ဂွပ်(ပ်)တာ (Yash Gupta)

ကလေးတို့အတွက်ပုံပြင် – ယာ့(ရှ်) ဂွပ်(ပ်)တာ (Yash Gupta)

ကလေးတို့ရေ …

မျက်လုံးကန်းနေတာရယ်၊ နားပင်းနေတာရယ်၊ စကားမပြောနိုင်ဘဲဆွံ့အနေတာရယ်၊ ဒီသုံးခုထဲကဘယ်ဟာအဆိုးဆုံးလဲကလေးတို့သိကြပါသလား။ ဦးဦးကတော့မျက်လုံးမမြင်ရတာအားလုံးထဲမှာအဆိုးဆုံးဘဲလို့ထင်ပါတယ်။ ဒါဖြင့်ယင်မျက်လုံးမကန်းပါဘဲနဲ့မျက်မှန်ပျောက်သွားယင်ဖြစ်စေ၊ ပိုက်ဆံမရှိလို့မျက်မှန်ပါဝါထပ်မတိုးနိုင်ယင်ဖြစ်စေဘယ်လိုနေမလဲဆိုတာကိုရောကလေးတို့စဉ်းစားမိကြပါသလားကွယ်။ ဒါပေမဲ့ကလေးတစ်ယောက်ကအဲဒါကိုစဉ်းစားဘူးတယ်ကွဲ့။ စဉ်းစားယုံတင်စဉ်းစားပြီးမေ့ပစ်လိုက်တာမဟုတ်ဘဲတစ်ကုပ်ကု ကျိုးစားခဲ့ပါတယ်။ ဒီလိုကလေးတွေအကြောင်းရှေ့မှာလည်းရေးပြခဲ့ပြီးပြီနော်။

ကဲ … ဦးတို့ရဲ့ဇတ်လိုက်ကလေးအကြောင်းစကြရအောင်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ ယာ့(ရှ်)ဂွပ်(ပ်)တာ ဆိုတဲ့ကလေးလေးဟာ ၅ နှစ်သားအရွယ်ထဲကမျက်မှန်အထူကြီး တပ်ခဲ့ရပါတယ်။ သူတို့မိသားစုဟာအမေရိကန်နိုင်ငံမှာအခြေချနေထိုင် ဘို့ဒေါ်လာငါးရာထဲနဲ့ရောက်လာကြပါတယ်ကွယ်။

ယာ့(ရှ်) အထက်တန်းကျောင်းကိုရောက်ကာစက တိုက်ကွမ်ဒို ကစားနေယင်းသူ့မျက်မှန်ကျိုးသွားပါတယ်။ သူ့မျက်မှန်တွေကပါဝါသိတ်ကြီးလို့မျက်မျန်မတပ်ယင်ဘာမှမမြင်ရပါဘူးကွယ်။ မျက်မှန်အသစ်မရခင်တစ်ပတ်တိတိဘာဆိုဘာမှသဲသဲကွဲကွဲမမြင်နိုင်၊ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ နေ့စဉ်ဘဲတစ်နေ့တာကုန်ဆုံးသွားတိုင်းသူဘာတစ်ခုမှမသင်ခဲ့ရတာ၊ မတတ်ခဲ့တာကိုသတိပြုမိသတဲ့။

အဲဒီအချိန်မှာသူစဉ်းစားမိတယ်တဲ့။ “သူ့လိုဘဲမျက်မှန်မရှိလို့အခက်အခဲကြုံနေရတဲ့လူဦးရေဘယ်လောက်ရှိ သလဲသူသိချင်လာတယ်” တဲ့။ အဲဒီမှာသူ research (ရှာဖွေစုံစမ်းစာရင်းကောက်မှု) တစ်ခုပြုခဲ့သတဲ့။ ဒီနေရာမှာဦးတစ်ခုကြားဖြတ်ပြောချင်ပါတယ်ကွယ်။ ဦးဦးတို့လူပျိုလေးဘဝတုန်းကများဆိုယင်စာကြည့်တိုက်ဆိုတာအင်မတန်ရှားတာ။ စာအုပ်ကောင်းကြီးတွေဖတ်ချင်ယင်ရန်ကုန်မြို့လည်ကစာပေဗိမ္မာန်စာကြည့်တိုက်ကြီးမှာသွားသွားဖတ်ရပါတယ်။ အခုကလေးတို့ခေတ်မှာစာကြည့်တိုက်တွေသောင်းနဲ့ချီပြီးကလေးတို့လက်ဖျားထိပ်အထိရောက်နေပြီနော်။ ညအိပ်ယာမ၀င်ခင်ကိုယ့်အတွက်ပညာတစ်ခုတော့နေ့စဉ်ပါသွားအောင်ကျိုးစားသင့်ပါတယ်။ သူငယ်ချင်းတွေနဲ့ချက်တာလည်းချက်ပေါ့ကွယ်။ ဒါပေမဲ့ကလေးတို့နေ့စဉ်ဗဟုသုတရတဲ့စာပေမျိုးတွေဖတ်ဘို့တစ်နေ့ကိုအနည်းဆုံးနာရီဝက်အပျက်မခံဘဲဗဟုသုတရမဲ့စာတွေရှာဖတ်သင့်ပါတယ်။ ခေါင်းဆောင်ကြီးတွေအကြောင်း၊ သမိုင်းအကြောင်း၊ သိပ္ပံအကြောင်းစသည်ဖြင့်ပေါ့ကွယ်။ နောက်ကလေးတို့လူကြီးဖြစ်လာတဲ့အခါတွေ့လာလိမ့်မယ်၊ တိုင်းပြည်တစ်ခုမှာ ကလေးတွေပညာမတတ်ယင်အဲဒီတိုင်းပြည်ဆင်းရဲနေတယ်ဆိုတာရယ်၊ အဲဒီတိုင်းပြည်အများစုကိုပညာမတတ်တဲ့လူတွေအုပ်ချုပ်နေတယ်ဆိုတာရယ်ကိုတွေ့လာလိမ့်မယ်။
ယာ့(ရှ်) လေးဟာသူသိချင်တဲ့အချက်တွေကိုထိုင်ရာကထစရာမလိုဘဲအင်တာနက်ပေါ်မှာရှာဖွေခဲ့ပါတယ်။ (ကလေးတို့အင်္ဂလိပ်စာလည်းကောင်းကောင်းတတ်ဘို့လိုသေးတာမမေ့နဲ့နော်။ အင်္ဂလိပ်စာကသာကမ္ဘာကြီး နဲ့ဆက်သွယ်ပေးတဲ့တံတားဖြစ်ပါတယ်)

ယာ့(ရှ်) ဟာအဖြေတွေ့တော့အံ့သြသွားသတဲ့။ သူရှာခဲ့တာဘာလဲဆိုတာကလေးတို့မှတ်မိတယ်နော်။ “သူ့ လိုဘဲမျက်မှန်မရှိလို့အခက်အခဲကြုံနေရတဲ့ လူဦးရေဘယ်လောက်ရှိသလဲ” ဆိုတာလေ။ အဖြေက ’၁၃ သန်း’ ရှိသတဲ့။ ဆယ့်သုံးသန်းဆိုတာနည်းနည်းလေးထင်နေယင်ရေးပြမယ်နော်။ လူဦးရေ ၁၃,ဝဝဝ,ဝဝဝ ပါဘဲကွယ်။

အဲဒီမှာ ယာ့(ရှ်) လေးကစဉ်းစားမိပါတယ်။ “သူ့မှာမျက်မှန်မရှိဘဲနဲ့တစ်ပတ်ထဲနေခဲ့ရတာ၊ ဒီကလေးတွေဟာမျက်မှန်မရှိဘဲတစ်သက်လုံးနေခဲ့ရတယ်” ဆိုတာတွေးမိပါတယ်။ သူရှာတဲ့အဖြေကိုတွေ့တော့ “မေ့ပစ်လိုက်ပြီးဘာမှမလုပ်ဘဲနေ မှာလား၊ ဒါမှမဟုတ်ဒီကိစ္စအတွက်တစ်ခုခုလုပ်မှာလား” ဆိုတာဆက်စဉ်းစားမိပါတယ်။ ၂၀၁၁ ခုနှစ်မှာ ယာ့(ရှ်) ဟာ အင်တာနက်ကိုအသုံးပြုပြီးတော့ online မှာ Sight Learning ဆိုတဲ့အဖွဲ့အစည်းလေးတစ်ခုကိုဖွဲ့ခဲ့ပါတယ်။ မျက်မှန်လိုအပ်နေတဲ့ကလေးတွေအတွက်မျက်မှန်တွေအလှူခံခဲ့ပြီးပို့ဆောင်ပေးခဲ့ပါတယ်။ ကျောင်းချိန်အပြင်မှာတစ်ပတ်ကို ၂၀ နာရီမျှအလှူခံမျက်မှန်တွေလိုက်သိမ်း၊ စာတိုက်ကနေပို့ပေးနဲ့လုပ်ခဲ့ပါတယ်။

ယာ့(ရှ်) က ယူကျု(ဘ်) (YouTube) ပေါ်မှာလည်းသူ့ပရဟိတလုပ်ငန်းအကြောင်း video တွေတင်ခဲ့လို့သူ့ စီမံကိန်းဟာနာမယ်ပိုရလာ၊ ပိုအောင်မြင်လာပါတယ်။ ခေတ်ကလေးတွေများ electronic technology ကိုသုံးတတ်လိုက်ကြတာနော်။ ကောင်းတဲ့နေရာမှာသုံးယင်အများအတွက်အကျိုးဖြစ်ပါတယ်ကွယ်။ ယူကျု(ဘ်) ပေါ်ကနေသူ့လိုလူငယ်တွေသူ့ပရဟိတလုပ်ငန်းမှာလာကူကြဘို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါကြောင့်ဒီ Sight Learning ပရဟိတအဖွဲ့ဟာလူငယ်တွေဦးဆောင်တဲ့အဖွဲ့ပါဘဲကွယ်။ အင်တာနက်ရဲ့တန်ခိုးကြောင့်အမြို့မြို့အနယ်နယ်တွင်မကဘဲကမ္ဘာအနှံ့ပါမျက်နှာချင်းဆိုင်စကားပြောရတာအများကြီးလွယ်လာသလိုကုန်ကျစရိတ်လည်းမရှိသလောက်နည်းပါးလာပါတယ်။ သူအင်တာနက်ပေါ်ကနေစကားပြောခဲ့တာဆရာဝန်တွေလည်းပါသလိုတစ်ခြားနိုင်ငံတွေကမျက်လုံးဆေးခန်းတွေလည်းပါပါတယ်။
ယာ့(ရှ်) က နိုင်ငံ ၅ နိုင်ငံက ကလေးပေါင်း နှစ်သောင်းကျော်ကိုစုစုပေါင်းအမေရိကန်ဒေါ်လာတစ်သန်းတန်ဘိုးရှိတဲ့မျက်မှန်တွေပို့ပေးခဲ့ပါတယ်။ သူပို့ပေးခဲ့တဲ့နိုင်ငံတွေထဲမှာ ဟေတီ၊ ဟော်(န်)ဒူးရတ်(စ်)၊ မက်စီကို နဲ့ အိန္ဒိယ နိုင်ငံတွေပါကြပါတယ်။ သူကိုယ်တိုင်ဒီနိုင်ငံတွေကိုကြိမ်ဖန်များစွာသွားရောက်ပို့ဆောင်ပေးခဲ့ယုံမကဘဲမျက်လုံးဆရာဝန်တွေ၊ လုပ်အားပေးအဖွဲ့ဝင်တွေနဲ့ပါတွေ့ဆုံကူညီခဲ့ပါတယ်။

ယာ့(ရှ်) အသက် ၁၄ နှစ်မှာသူ့စီမံကိန်းစခဲ့ပါတယ်။ မျက်မှန်ဆိုင်တွေမှာမျက်မှန်အဟောင်းတွေပြန်လှူဘို့ ပုံးတွေချထားပေးခဲ့ပါတယ်။ အဲဒီအပြင်ကိုစာတိုက်သေတ္တာနံပတ်တစ်ခုယူထားပြီးအဲဒီစာတိုက်လိပ်စာနဲ့ မျက်မှန်အဟောင်းတွေကိုအလှူခံခဲ့ပါတယ်။ ယာ့(ရှ်) လေးကိုသူ့ဖေဖေကလည်းကူညီခဲ့ပါတယ်။ (ကလေးတို့မှာကြီးမားတဲ့အမြင်တွေရှိယင်ကလေးတို့မိဘတွေကိုဖွင့်ပြောကြနော်။ သူတို့မှာကလေးတို့မထင်တာထက်ပိုကူညီနိုင်တာတွေရှိပါတယ်။ ဒီနေ့မှာကမ္ဘာကျော်နေတဲ့သိပ္ပံပညာရှင် မီချီယိုကာကူ (Michio Kaku) ကိုကျောင်းသားဘ၀ကသူလုပ်ချင်တဲ့ကျောင်းသိပ္ပံစီမံကိန်းကြီးတွေကိုသူ့မိခင်ကတစ်ပင်တစ်ပန်းလိုက်ကူညီခဲ့လို့အကောင်းဆုံးတက္ကသိုလ်ကိုဝင်ခွင့်ရခဲ့ပါတယ်)
“မျက်မှန်လေးတစ်လက်ရလိုက်တဲ့ကလေးတွေရဲ့မျက်နှာမှာအံ့သြမှုဖြစ်သွားတာ၊ ပျော်ရွှင်နေတဲ့သူတို့မျက်နှာကိုမြင်ရတာကျွန်တော့ကိုပျော်ရွှင်မှုကူးစက်စေပါတယ်။ ဆက်လက်ပြီးကျိုးစားဘို့မျှော်လင့်ချက်ခွန်အားတွေဖြစ်စေပါတယ်” တဲ့ ယာ့(ရှ်) ကပြောခဲ့ပါတယ်။ “မျက်မှန်မရှိတဲ့အတွက်ပညာကောင်းကောင်းမသင်နိုင်ကြရှာပါဘူး။ ပညာကောင်းကောင်းသင်ရတော့အလုပ်ကောင်းကောင်းရပြီးဘ၀ကောင်းကောင်းနဲ့နေရပါတယ်” တဲ့။ ယာ့(ရှပ်) ဂွပ်(ပ်)တာ လေးကပြောခဲ့ပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်ကလေးတို့ရေ။ မျက်မှန်လေးတစ်လက်ဟာဘဝတစ်ခုကိုကောင်းကျိုးရောဆိုးကျိုးရောဖန်တီးနိုင်တယ်နော်။

လူတိုင်းမှာစိတ်ကောင်းနဲ့စေတနာဆိုတာရှိကြတာချည်းပါဘဲ။ အဲဒီစေတနာအပေါ်မှာအရေးယူလုပ်ဆောင် မှုပြုဘို့ဘဲလိုတာပါ။ “လူတစ်ဦးထဲနဲ့ကွာဟမှုတွေ၊ ခြားနားမှုတွေများစွာကိုပြုလုပ်နိုင်ပါတယ်” ဆိုတာကို ယာ့(ရှ်) လေးက သက်သေပြခဲ့ပါတယ်။

ယာ့(ရှ်)ဂွပ်(ပ်)တာလေးကပြောခဲ့ပါတယ်ကွယ်။ “ရေပွက်ကလေးတစ်ခုဟာလှိုင်းကလေးနဲ့ခရီးဝေးရောက်သွားတာမျိုး၊ သံကွင်းဆက်တွေလိုလက်ချင်းတွဲပြီးကြိုးတန်းတစ်ခုဖြစ်သွားအောင်ပြုလုပ်တာမျိုးကိုလူတစ်ဦးကပြုလုပ်နိုင်ပါတယ်။ ကရုဏာစိတ်၊ စာနာစိတ်ကြီးမားယင်ဘယ်အရာမဆိုဖြစ်နိုင်ပါတယ်။ သင့်စေတနာနဲ့စာနာစိတ်ဟာတစ်ခြားလူတွေကိုကူးသွားပြီးသူတို့ဆီမှာနိုးကြထကြွလာမှာဖြစ်ပါတယ်။ အဲဒါကကွာခြားမှုအပြောင်းအလဲတွေကိုဖြစ်ပေါ်စေပါလိမ့်မယ်” … တဲ့။

ယာ့(ရှ်) လေးပြောခဲ့သလိုဘဲသူ့စေတနာရေပွက်ကလေးဟာအိမ်ဖြူတော်ထိရောက်သွားပါတယ်ကွယ်။ ဒါကြောင့်သမ္မတအိုဘားမားက ယာ့(ရှ်) ကိုအိမ်ဖြူတော်ကိုဖိတ်ကြားဂုဏ်ပြုခဲ့ပါတယ်။ အဲဒီဂုဏ်ပြုပွဲမှာအရင် သမ္မတကြီးတစ်ဦးပါရှိနေခဲ့ပါတယ်။ (ပါကစ္စတန်နိုင်ငံမှာမွေးခဲ့တဲ့ မာလာလာ ယူစွပ်(ဖ်)ဇာအီ ကိုလည်း အမေရိကန်သမ္မတနဲ့မိသားစုကအိမ်ဖြူတော်ကိုဖိတ်ကြားပြီးတွေ့ဆုံခဲ့တာကိုလည်းဦးဦးရေးပြခဲ့ဘူးတာမှတ်မိကြသေးလားကွယ်)

ယာ့(ရှ်) ဂွပ်(ပ်)တာလေးရခဲ့တဲ့တစ်ခြားဂုဏ်ထူးဆောင်လက်မှတ်တွေကအများကြီးပါကလေးတို့ရေ။ ဒီနေ့ပြောချင်တဲ့ပုံပြင်လေးကတော့ဒါပါဘဲကွယ်။ ကလေးတို ဘာသင်္ခဏ်းစာတွေရခဲ့ပါသလဲပြန်မေးပါရစေ။

“ကိုယ်ရောက်ချင်တဲ့နေရာတစ်ခုကိုတွေ့ပြီ” ဆိုယင်အဲဒီနေရာကိုမျှော်နေယုံနဲ့မရောက်ပါဘူး။ ခြေမလှမ်းဘဲနဲ့မရောက်ပါဘူး။ ရောက်တဲ့အထိခြေထောက်တွေကလှမ်းမှရောက်မယ်ဆိုတာမမေ့ကြနဲ့နော်။

ဒေါ်လာ ၅ဝဝ ထဲနဲ့ အမဲရိကားကိုထွက်လာတဲ့အာရှတိုက်သားမိသားစုလေးထဲက ကလေးလေးကိုအိမ်ဖြူတော်မှာသမ္မတနှစ်ဦးကလက်ခံတွေ့ဆုံခဲ့ပါတယ်။ ဒီလိုကလေးတွေကိုဦးဦးက “သတင်းခေါင်းကြီးပိုင်းတွေကိုကိုင်လှုပ်နိုင်သောကလေးများ” လို့နာမယ်ပေးထားပါတယ်။

ပဒေသာပင်ဆိုတာမြေကအလိုလိုပေါက်လာမှာတော့မဟုတ်ပါဘူးကွယ်။ ကလေးတို့အမျှော်အမြင်ရှိတဲ့၊ ကျိုးစားတဲ့၊