ကလေးများနှင့် မုန့်ပဲ သွားရေစာ

ကလေးများနှင့်မုန့်ပဲသွားရေစာ

============================

ကလေးတွေဟာ ထမင်းကျွေးရခက်သလောက် မုန့်ပဲသွားရေစာများကိုတော့ အလွန်နှစ်သက်ကြတာသဘာဝပါ။ တစ်နေ့လျှင် ထမင်းသုံးနပ်စားဖို့ အာပေါက်အောင်ပြောရ ကျွေးရသလောက်… သွားရေစာဆိုလျှင်တော့ အချိန်ပြည့်စားနိုင်ကြပါတယ်။ကလေးတွေ သွားရေစာစားတာနဲ့ ပတ်သက်လို့ မေမေဖေဖေတို့ သိမှတ်စရာလေးတွေ ပြောပြလိုပါတယ်။

ပထမဆုံးကတော့ သွားရေစာစားတာ ကောင်း/မကောင်းပေါ့။

မကောင်းတဲ့အချက်ကတော့ သွားရေစာတွေစားထားတဲ့အခါ တကယ့်ထမင်းစားချိန်ရောက်ရင် ဗိုက်မဆာ၊စားချင်စိတ်မရှိတော့ပါဘူး။ဒါ့အပြင် ကိုယ်အလေးချိန်ဆိုင်ရာပြဿနာ (ဥပမာ – အဝလွန်ခြင်း) များဖြစ်စေနိုင်ပါတယ်။

ကောင်းတဲ့အချက်ကတော့ သွားရေစာဆိုရင် ကလေးတွေကို ကျွေးရလွယ်တာမို့…ကျန်းမာရေးနဲ့ညီညွတ်မယ့် အစားအစာလေးတွေကို စားချင်စဖွယ် သွားရေစာအနေနဲ့ကျွေးမယ်ဆိုရင်တော့ ကလေးအတွက် အကျိုးရှိစေမှာဖြစ်ပါတယ် (ဥပမာ – သစ်သီးမျိုးစုံကို အတုံးလေးတွေတုံးပြီး စားချင်စားဖွယ်ရောင်စုံသွားရေစာလေးလုပ်ကျွေးခြင်း)။

ဒုတိယကတော့ ဘယ်အချိန်မှာကျွေးမလဲဆိုတာပါ။

ကလေးများကို တစ်နေ့လျှင် မနက်စာ ၊နေ့လည်စာ၊ ညနေစာ နဲ့ သွားရေစာနှစ်ကြိမ်ကျွေးနိုင်ပါတယ်။

သွားရေစာစားချိန်ကို သတ်သတ်မှတ်မှတ်ထားရှိပါ။

TV ကြည့်နေစဉ်၊ ဂိမ်းဆော့နေစဉ်၊ကစားနေစဉ်အချိန်တွေမှာ သွားရည်စာစားခြင်းကို ခွင့်မပြုသင့်ပါ။TV/ဂိမ်း တွေကိုအာရုံစိုက်နေတာဖြစ်တဲ့အတွက် အစားကိုဂရုမထားမိဘဲ လိုတာထက်ပိုစားမိနိုင်ပြီး အဝလွန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

တတိယအချက်ကတော့ ဘယ်လိုသွားရေစာလေးတွေကျွေးမလဲဆိုတဲ့အချက်ပါ။အာလူးကြော်အထုပ်များ၊အချိုရည်များစတဲ့အပြင်စာတွေကျွေးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးမဖြစ်ထွန်းစေပါဘူး။ ဒါကြောင့် ထိုအစားအစာတွေကျွေးမယ့်အစား လတ်ဆတ်တဲ့သစ်သီးလေးတွေကို ကလေးစားနိုင်လောက်တဲ့အရွယ်ပမာဏအတုံးလေးတွေ လှီးကျွေးမယ်။ အချိုရည်တွေအစား သစ်သီးလေးတွေကို အိမ်မှာပဲကိုယ်တိုင်ဖျော်တိုက်မယ်။ အသင့်စားကြက်ကြော်တွေ အသားညှပ်ပေါင်မုန့်တွေအစား အိမ်မှာပဲ မေမေကိုယ်တိုင် ကြက်သားကြော်ကျွေးမယ်၊အသားညှပ်ပေါင်မုန့်ကိုယ်တိုင်လုပ်ကျွးမယ်။

ဒီအချက်လေးတွေအတိုင်း လိုက်နာမယ်ဆိုရင်တော့ သင့်ကလေးတွေ အစားကျွေးရမခက်တော့ဘဲ အစားစားချင်စိတ်ဖြစ်ပေါ်စေတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်နေစေမှာပဲဖြစ်ပါတယ်။

ဒေါက်တာဝင်း (UM 2)

(ဤဆောင်းပါးအစီအစဉ်ကို My Doctor မှကူညီပံ့ပိုးပေးပါသည်။)
#Enfanto