ကလေးတို့အတွက်ပုံပြင် – ကျားရိုး

ကလေးတို့အတွက်ပုံပြင် – ကျားရိုး

ကလေးတို့ရေ …

တစ်ခါကကောင်ကလေးတစ်ယောက်ဟာအိမ်ပြင်ထွက်ပြီးသူငယ်ချင်းတွေနဲ့ဆော့ရမှာသိတ်ကြောက်ခဲ့သတဲ့။ သူ့ သူငယ်ချင်းအုပ်စုထဲမှာကလေးအားလုံးကိုနိုင်တတ်တဲ့ကောင်လေးတစ်ယောက်ရှိသတဲ့။ တစ်ခါတစ်ခါကျယင်အဲဒီသူငယ်လေးဟာဗိုလ်ကျခံရလို့အိမ်ကိုပြန်လာပြီးဒေါသတွေဖြစ်နေတတ်၊ မျက်ရည်ဝဲနေတတ်ပါတယ်။ သူ့ခမျာဒီလိုဖြစ်နေတာကိုဘယ်သူ့ကိုမှလည်းမပြောရဲ၊ ဘာမှလည်းပြန်မလုပ်ရဲဘဲနဲ့ဖြစ်နေတာအကြာကြီးပါဘဲကွယ်။

တစ်နေ့တော့ကစားနေကြရာကနေအဲဒီကောင်လေးဗိုလ်ကျခံရလို့မျက်ရည်တွေဝိုင်းပြီးအိမ်ကိုပြန်လာပါတော့တယ်။ အဲဒီအချိန်မှာအညာကနေအလည်ရောက်နေတဲ့သူ့ဘကြီးကသူ့ကိုတွေ့သွားပါတယ်။ သူ့ဘကြီးကိုတော့သူတို့မောင်နှမတွေကချစ်ကြပါတယ်ကွယ်။ သူတို့မကြားဘူးတဲ့ပုံပြင်တွေကိုသူတို့ဘကြီးကပြောပြတတ်လို့ပါဘဲ။

တစ်ညနေတော့ကစားရာကနေအိမ်ကိုမျက်နှာကြီးတင်း၊ မျက်လုံးတွေစိုပြီးပြန်လာတဲ့သူ့ကိုသူ့ဘကြီးကသတိပြုမိပါတယ်။ သူ့ကိုလည်းလှမ်းခေါ်လိုက်ပါတယ်။ ပဌမတော့သူ့ဘကြီးဆီကိုမသွားချင်သေးပါဘူး။ ဒါပေမဲ့ပုံပြင်အသစ်နားထောင်ချင်တဲ့စိတ်ကြောင့်သူ့ဘကြီးနားကိုရောက်သွားပါတယ်။

သူ့ဘကြီးက “ငါနောက်တစ်ခါလာယင်မင်းအတွက်ကျားရိုးလေးတစ်ခုယူလာမယ်။ အဲဒီကျားရိုးလေးကိုမင်းအိတ်ထောင်ထဲထည့်ထားလိုက်။ ကျားကြီးတစ်ကောင်ရဲ့သတ္တိတွေဝင်လာယင်မင်းကိုဘယ်ကောင်မှမယှဉ်ရဲဘူးမှတ်” လို့ပြောလိုက်တော့သူ့မျက်လုံးတွေတောက်ပြောင်လာပြီးမျက်နှာလေးဝင်းလာပါတယ်။

“ဘဘ၊ ကျားရိုးလေးအိတ်ထဲထည့်ထားတာနဲ့သတ္တိကဘယ်လိုလုပ်ဝင်လာမှာ လဲ” လို့ပြန်မေးပါတယ်။ သူ့ဘကြီးက

“ဟ .. တောထဲမှာကျားကဘုရင်ကွ။ သူ့ထက်ကြီးတဲ့ဆင်တောင်ကြောက်တဲ့ကောင်မဟုတ်ဘူး။ ကျားဆိုတာသူ့ထက်ကြီးတဲ့သားကောင်ကိုတောင်ဘယ်တော့မှအလွတ်ပေးတာမဟုတ်ဘူး။ အသေအလဲတိုက်တာ။ ဒါကြောင့်မို့တိရစ္ဆာန်တွေကျားကိုမြင်တာနဲ့ပြေးရတာဘဲ။ ကျားရိုးဆိုတာရဘို့လွယ်တာမဟုတ်ဘူး” လို့ပြောပြပါတယ်။

သူငယ်လေးဟာသူ့ဘကြီးနောက်တစ်ခါဘယ်တော့ပြန်လာမလဲဘဲမျှော်နေတော့တာပေါ့ကွယ်။ နောက်တစ်ခါသူ့ဘကြီးသူတို့ဆီလာလည်လာတော့သူ့ကိုအရိုးစလေးတစ်ခုထုတ်ပေးပါတယ်။

“ရော့။ အဲဒါကိုအိတ်ထဲထည့်ထား။ မင်းကိုဘယ်ကောင်မှမစမ်းရဲဘူး။ တစ်ခုတော့ရှိတယ်။ သူများကိုအဲဒီအကြောင်းပြောလိုက်ယင်သူ့တန်ခိုးပျယ်သွားတယ်။ ကိုယ့်ကိုယ်ကိုကာကွယ်တဲ့နေရာကလွဲပြီးဘယ်နေရာမှာမှအစွမ်းမရှိဘူး။ မပျောက်စေနဲ့။ ကြားလား” လို့ပြောပါတယ်။

အဲဒီကောင်လေးဟာကျားရိုးလေးကိုရိုရိုသေသေလက်နှစ်ဘက်နဲ့ခံယူပြီးအိတ်ထောင်ထဲထည့်ထားလိုက်ပါတော့တယ်။ ညနေအိမ်ရှေ့ထွက်ကစားကြတော့သူ့ခြေတွေကမြေပြင်အထက်ကိုမြောက်နေတယ်လို့ထင်ရပါတယ်။ သူ့စိတ်တွေလည်းကြည်လင်နေပါတယ်။ သူအရာရာကိုရင်ဆိုင်ဘို့အသင့်ဖြစ်နေပါပြီ။

ညနေကျတော့လူ့ဗိုလ်ကျကလေးကသူ့ကိုတွေ့တော့တစ်ချက်ရှိန်သွားပါတယ်။ ကောင်လေးရဲ့မျက်နှာတစ်မျိုးဖြစ်နေတာသူသတိထားမိလို့ပါဘဲ။ ဒါပေမဲ့ငယ်နိုင်မို့ခါတိုင်းလိုဘဲမှင်သေသေနဲ့ဗိုလ်ကျကြည့်ပါတယ်။ အဲဒီမှာကောင်လေးရဲ့ကိုယ်ထဲကကျားကြီးနိုးလာပါတော့တယ်။ လူ့ဗိုလ်ကျလေးရှေ့ကိုတစ်ဟုန်ထိုးထွက်လာ၊ မျက်နှာချင်းဆိုင်ရပ်ပြီးမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ပြန်ကြည့်နေပါတယ်။

ဒါပေမဲ့ငယ်နိုင်မို့မလျှော့ချင်သေးဘဲထပ်စမ်းကြည့်ပါတယ်
“အဲတော့မင်းကဘာလုပ်ချင်လဲ” လို့ခပ်တည်တည်မေးလိုက်ပါတယ်

ကောင်လေးကရှေ့တစ်လှမ်းတိုးလာပြီး “ဘာလုပ်မလဲသိချင်စမ်းကြည့်ပေါ့ကွ” လို့ပြောလိုက်ပါတယ်။ လက်တစ်ဘက်ကလည်းလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပါတယ်။ သူ့ကိုကြည့်ရတာတစ်ကယ်ခုန်အုပ်တော့မဲ့ပုံပါဘဲ။ အရင်လိုကြောက်တဲ့အမူအရာတစ်ချက်မှမရှိပါဘူး။ နောက်ဆုံးတော့လူမိုက်ကလေးလက်လျှော့လိုက်ရပါတယ်။ တစ်ခြားကလေးတွေရှေ့မှာသိက္ခာကျမှာစိုးတာရော၊ ဆက်နေယင်သူ့အတွက်အကျိုးမရှိမှန်းသိတာရောမို့တိတ်တိတ်လေးသူလစ်သွားပါတယ်။

သူ့သူငယ်ချင်းတွေမျက်နှာလေးတွေဝင်းနေကြပါတယ်။ သူတို့အားလုံးဒီနေ့ကိုမျှော်လင့်နေခဲ့တာကြာပြီလေ။ သူ့ကိုအားလုံးကဟိုမေးဒီမေးဝိုင်းမေးကြတာပေါ့ ကွယ်။ သူကလည်းသူ့ဘကြီးပေးတဲ့ကျားရိုးလေးထုတ်ပြချင်တာမှတစ်ပိုင်းကိုသေနေတာပါဘဲ။ ဒါပေမဲ့ကျားရိုးလေးရဲ့တန်ဘိုးကကြီးလွန်းလို့သူ့စိတ်ကိုထိန်းပြီးပြောချင်စိတ်ကိုမနည်းအောင့်ထားရပါတယ်ကွယ်။

ညနေခေါင်းမော့ပြီးခြေလှမ်းကျဲကျဲ၊ မျက်နှာချိုချိုနဲ့အိမ်ပြန်လာတဲ့သူ့ကိုသူ့ဘကြီး တစ်ချက်ဘဲလှမ်းကြည့်ပါတယ်။ သူ့ဘကြီးကိုလည်းကျားရိုးလေးအကြောင်းပြောချင်လိုက်တာတစ်ပိုင်းသေနေပေမဲ့ဘကြီးအနားမှာလူမပြတ်လို့မပြောရဘဲအိပ်ယာဝင်ခဲ့ရပါတယ်။ အရင်ညတွေဆိုအိပ်ယာဝင်တိုင်းဒေါသစိတ်တွေကြောင့်တော်တော်နဲ့အိပ်မပျော်တတ်တာအဲဒီညမှာတော့စိတ်တွေကြည်ကြည်လင်လင်နဲ့ချက်ချင်းဘဲအိပ်ပျော်သွားပါတော့တယ်။

နောက်နေ့ညနေကျောင်းကပြန်လာတော့သူ့ဘကြီးကိုတစ်ယောက်ထဲတွေ့လို့မနေ့ညနေကအဖြစ်ကိုပြောပြပါတယ်။ သူ့ဘကြီးကဟက်ဟက်ပက်ပက်ရီတော့သူနားမလည်နိုင်လို့သူ့ဘကြီးကိုတွေကြည့်နေပါတယ်။

ဘကြီး။ “ငါ့တူ၊ မှတ်ထား။ အဲဒါကျားရိုးကြောင့်မဟုတ်ဘူး။ မင်းရင်ထဲမှာကျားကြီးရှိပြီးသား။ အိပ်ပျော်နေလို့သူဘာမှမသိတာ။ ဒီအရိုးလေးကကျားလှောင်အိမ်သော့ခလောက်ဖွင့်ပေးတဲ့သော့ကလေးဘဲငါ့တူ။ အခုဒီသော့ပွင့်သွား ပြီဆိုတော့မင်းဒီအရိုးမလိုတော့ဘူး။ လွှင့်ပစ်လိုက်တော့” လို့ပြောပါတယ်။

ကောင်လေး။ “ဒါနဲ့ဘဘပြောတုန်းကကျားရိုးဆိုတာရဘို့မလွယ်ဘူးဆို”

ဘကြီး။ “ဟားဟားဟား … အဲဒါကျားရိုးမဟုတ်ဘူးကွ။ အမဲရိုးအစလေး။ မင်းရဲ့သတ္တိအစွမ်းကြောင့်ကျားရိုးဖြစ်သွားတာ။ မင်းဘာအဆောင်မှမလိုတော့ဘူး” … လို့ပြုံးပြီးပြန်ပြောလိုက်ပါတယ်။

အဲဒီမှာကောင်လေးကသဘောပေါက်သွားပါတော့တယ်ကွယ်။ လူ့ဗိုလ်ကျကလေးမြင်သွားတာ ‘အရိုးစကလေးမဟုတ်ဘဲကျားအစစ်ကိုမြင်သွားတယ်’ ဆိုတာပါဘဲ။

သတ္တိဆိုတာအပြင်ကမလာပါဘူးကလေးတို့ရေ။ သတ္တိဆိုတာရင်ထဲနှလုံးထဲမှာမွေးထဲကပါလာပြီးသားပါ။

ပုံပြင်ကလေးကတော့ဒါပါဘဲကွယ်။ ကလေးတို့လိမ္မာရေးခြားရှိတဲ့မိကောင်းဖခင်သားသမီးတွေဖြစ်ကြပါစေ။