Wild dogs 10 dead

ကလေးတို့အတွက်ပုံပြင် – ခွေးရိုင်း ၁ဝ ကောင်

ကလေးတို့ရေ …….

တစ်ခါတုန်းကတိုင်းပြည်တစ်ခုမှာအင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ဘုရင်ကြီးတစ်ပါးရှိခဲ့သတဲ့ကွယ်။ ဒီဘုရင်ကြီးဟာခွေးရိုင်းကြီး ဆယ်ကောင်ကိုမွေးထားသတဲ့။ ရာဇဝတ်သားတွေကိုကွပ်မျက်ဘို့ခွေးတွေမွေးထားတဲ့တွင်းထဲကိုပစ်ချလေ့ရှိသတဲ့။ ခွေးရိုင်းတွေဟာတွင်းထဲကျလာတဲ့လူဆိုတစ်စစီဝိုင်းဆွဲဖြဲပစ်ကြသတဲ့။ ဒါကိုဘုရင်ကြီးကတွင်းပေါ်ကနေဖျော်ဖြေရေးတစ်ခုလိုကြည့်တတ်ပါတယ်ကွယ်။ ဒါကြောင့်ဘုရင်ကြီးကိုတစ်တိုင်းပြည်လုံးဖိန့်ဖိန့်တုန်နေအောင်ကြောက်ခဲ့ကြရသတဲ့။

တစ်နေ့တောု့ရင်ကြီးဟာနန်းတော်ထဲကအမတ်ကြီးတစ်ပါးကိုစိတ်ခုပါလေရောကွယ်။ အမတ်ကြီးရဲ့အဖြေထဲမှာအမှားကလေးတစ်ခုပါသွားလို့ပါဘဲ။

အမတ်ကြီးကိုဘုရင်ကြီးက “ခွေးရိုင်းတွင်းထဲပစ်ချစေ”…. ဆိုပြီးအမိန့်ထုတ်ခဲ့ပါတယ်ကွယ်။

အမတ်ကြီးက

“အရှင်မင်းကြီး။ အရှင်မင်းကြီးကိုကျွန်တော်မျိုးအမှုထမ်းခဲ့သည်မှာ ၁ဝ နှစ်ရှိပါပြီ။ ကျွန်တော်မျိုး၏အမှုတော်ထမ်းခဲ့သည့်ဆယ်နှစ်တာကိုပြန်လည်ငဲ့တော်မူတဲ့အနေနဲ့ဆယ်ရက်တော့နေခွင့်ပေးသနားတော်မူပါဘုရား” …. လို့အသနားခံခဲ့ပါတယ်ကွယ်။ ဘုရင်ကြီးကသဘောတူခဲ့ပါတယ်ကလေးတို့ရေ။

အမတ်ကြီးဟာခွေးတွေထားတဲ့ရုံကိုသွားပြီးအဆောင်မှူးခွေထိန်းကို “မောင်မင်း။ ဒီခွေးတွေကိုငါဆယ်ရက်ကြည့်ပါရစေ” … လို့ပြောခဲ့ပါတယ်ကွယ်။ ခွေးထိန်းကလည်းနားမလည်ခဲ့ပေမဲ့အမတ်ကြီးကိုခွင့်ပေးခဲ့ပါတယ်။

အမတ်ကြီးဟာခွေးတွေကိုအစာကျွေး၊ ရေမိုးချိုးပေး၊ ခွေးအဆောင်ကိုသန့်စင်ပေးနဲ့လုပ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ဆယ်ရက်ပြည့်သွားပါတယ်။ ဆယ်ရက်ပြည့်တော့ဘုရင်ကြီးကအမတ်ကြီးကိုခွေးရိုင်းတွင်းထဲပစ်ချဘို့အမိန့်ပေးခဲ့ပါတယ်ကွယ်။

ခွေးတွေဟာတွင်းထဲကျလာတဲ့အမတ်ကြီးကိုမြင်တော့ပြေးထွက်လာကြပါတယ်ကွယ်။ တစ်စစီဝိုင်းဆွဲဖြဲပစ်ရမဲ့အစားအမတ်ကြီးမျက်နှာကိုလျက်တဲ့ခွးကလျက်၊ ခြေထောက်ကိုလျက်တဲ့ခွေးကလျက်၊ အမြီးနန့်တဲ့ခွေးကနန့်နဲ့ဖြစ်နေကြသတဲ့။

တွင်းပေါ်ကနေကြည့်နေတဲ့ဘုရင်ကြီးက “ဒီခွေးတွေဘာဖြစ်နေတာလဲ” လို့မေးခဲ့ပါတယ်။ အဲဒီအချိန်မှာအမတ်ကြီးက

“အရှင်မင်းကြီး။ ဒီခွေးတွေရဲ့အမှုကိုကျွန်တော်မျိုးဆယ်ရက်ထမ်းခဲ့တာကိုဒီခွေးတွေမှတ်မိကြပါတယ်။ အရှင်မင်းကြီးရဲ့အမှုတော်ကိုကျွန်တော်မျိုးဆယ်နှစ်မျှထမ်းခဲ့တာပဌမဆုံးအမှားတစ်ခုကိုမြင်တာနဲ့ဒါကိုအရှင်မင်းကြီးသတိရတော်မမူခဲ့ပါဘူး။ ” … လို့ဖြေလိုက်သတဲ့။

ဘုရင်ကြီးလည်းသူ့အမှားကိုသူသိသွားလို့အမတ်ကြီးကိုလွှတ်ပေးလိုက်ပြီးရာထူးပြန်ပေးခဲ့သတဲ့။

ပုံပြင်ကလေးကတော့ဒါပါဘဲကွယ်။ ဒီပုံပြင်ကနေကလေးတို့ဘာသင်ခန်းစာစာရခဲ့သလဲဘယ်သူပြန်ပြောပြနိုင်သလဲကွယ်။

လူတွေဟာကောင်းတာနဲ့ဆိုးတာဆိုယင်ဆိုးတာကိုဘဲမြင်ကြ၊ ဆိုးတာကိုဘဲမှတ်မိနေတတ်ကြပါတယ်။ ဆိုးတာသေးသေးလေးတစ်ခုကကောင်းတာတွေအများကြီးကိုမမြင်အောင်လူတွေရဲ့မျက်လုံးကိုကာထား၊ ဖုံးထားတတ်ပါတယ်။ ကလေလးတို့အဲဒီမျက်ကန်းအုပ်စုထဲမပါစေနဲ့နော်။

ကလေးတို့လိမ္မာရေးခြားရှိပြီး၊ အသိဥာဏ်မြင့်မားတဲ့မိကောင်းဖခင်သားသမီးတွေဖြစ်ကြပါစေကွယ်။