မိခင်ရဲ့ အနမ်းကုထုံး
|မိခင်ရဲ့ အနမ်းကုထုံး
(က) ကလေး နှာခေါင်းထဲ တစ်ခုခုဝင်တဲ့အခါ
😗
ကလေးတွေက အထူးသဖြင့် အသက် ၂ နှစ် နဲ့ ၅ နှစ်ကြားမှာ နှာခေါင်းထဲ ပစ္စည်းထည့်တတ်ကြပါတယ်။ ပုတီးလုံး၊ ကျောက်ခဲ၊ ဖန်လုံး၊ စားစရာသေးသေးလေးတွေ တွေ့ရင် ပါးစပ်ထဲတင်မက နှာခေါင်းထဲပါ ထည့်လေ့ရှိပါတယ်။ အဖြစ်များတဲ့ ပြဿနာပါ။
(ခ) နောက်ဆက်တွဲ ပြဿနာ
😙
နှာခေါင်းထဲမှ အလွယ်တကူ ပြန်မထွက်လာတဲ့အခါ ပစ္စည်း အရွယ်အစားပေါ်မူတည်ပြီး နောက်ဆက်တွဲ ပြဿနာရှိနိုင်ပါတယ်။ သွေးကြောသေးသေးတွေကို ထိခိုက်မိရင် နှာခေါင်းသွေးထွက်နိုင်ခြင်း၊ ရောဂါပိုးခိုအောင်းပြီး နှာခေါင်းတစ်ဖက်ထဲမှ အနံ့မကောင်းသော နှာရည်ထွက်လာခြင်း၊ အထဲမှာ ပြည်တည်ခြင်း၊ အသက်ရှူလမ်းကြောင်းထဲ ကျသွားခြင်းတို့ ဖြစ်နိုင်ပါတယ်။
(ဂ) အနမ်း ကုထုံး အသုံးဝင်ပုံ
😚
ကလေးက နှာခေါင်းထဲ တစ်ခုခုထည့် လိုက်တယ်ဆိုပါစို့။ ချက်ချင်း ပြန်မထွက်လာရင်၊ ထည့်လိုက်တဲ့ ပစ္စည်းကို မမြင်ရရင် အောက်ပါ ကုထုံးလေးကို စနစ်တကျ လုပ်ကြည့်ပါ။
၁။ မိခင် (သို့) ဖခင်က ကလေးပါးစပ်ကို မိမိ ပါးစပ်နဲ့ လုံအောင် ငုံလိုက်ပါ။
၂။ ပစ္စည်း မဝင်ထားတဲ့ နှာခေါင်းဘက်ကို လက်ညှိုးနဲ့ ဖိထားပါ။
၃။ ကလေးပါးစပ်ထဲသို့ ခုခံမှုတစ်ခု ခံစားရသည်အထိ လေကိုတစ်ဆုံး မှုတ်ထည့်ပါ။
၎။ မှုတ်တာရပ်ရပ်ချင်း ကလေးပါးစပ်ထဲသို့ ရုတ်တရက် အသက်ရှူထုတ်လိုက်ပါ။
ကလေး နှာခေါင်းထဲမှာ ပိတ်နေတဲ့ ပစ္စည်းလေး ထွက်ကျလာပါလိမ့်မယ်။ ဒီနည်းလမ်းက ၁၀ ယောက်မှာ ၆ ယောက် အောင်မြင်နိုင်ပါတယ်။ တစ်ခေါက်နဲ့ မထွက်လာသေးရင် ၁ မှ ၄ ထိ အကြိမ်ကြိမ် ကြိုးစားကြည့်ပါ။
မိခင်က ကလေးကို နမ်းမယ့်ပုံလေးလုပ်ပြီး ငြင်သာစွာ ချဉ်းကပ်ဖို့လိုပါတယ်။ ကလေးငယ်က ရုန်းရင်းဆန်ခတ်ဖြစ်နေမယ်ဆိုရင်တော့ ဒီနည်းလမ်းက အသုံးမဝင်ပါဘူး။
ပစ္စည်း အပြင်ထိ ထွက်မလာရင်တောင် ဝင်သွားတဲ့ ပစ္စည်းကို ပိုမြင်ရဖို့ ကူညီနိုင်တဲ့ နည်းလမ်းပါ။ လုံးဝမအောင်မြင်ရင် ပစ္စည်းက နှာခေါင်း အောက်ပိုင်း ရောက်နေနိုင်ပြီ ဖြစ်လို့ ဆရာဝန်က မှန်ပြောင်းထည့် ထုတ်ဖို့အထိ လိုအပ်နိုင်ပါတယ်။
👩🏻⚕️ အဖြစ်များတဲ့ ပြဿနာလေးကို မေမေဖေဖေတို့က အလွယ်တကူ ဖြေရှင်းနိုင်အောင် ဗဟုသုတ အဖြစ်သိထားစေရန် ရည်ရွယ်ရေးပါသည်။
နေနေမိုးဆွေ (Child Health Myanmar)