brainwash
|စနစ်တစ်ခုရဲ့အောက်မှာ စနစ်တကျ brainwash လုပ်ခံရခြင်း
“လူကလေး”
လူကလေး ကျောင်းတက်စက သူက တကယ့်ကိုငယ်နေပြီး ကျောင်းကတော့ ကြီးလွန်းနေသလိုပဲ။ ဒါပေမယ့် သူ့ကျောင်းခန်းကို အပြင်တံခါးကနေ လျှောက်ဝင်သွားရမှန်း သိတဲ့အခါ သူပျော်သွားတယ်။ ပြီးတော့ ကျောင်းကလည်း ဒီလောက်ကြီးမှန်း မသိသာတော့ဘူး။
တစ်မနက် လူကလေးကျောင်းတက်နေတုန်း …. “ဒီကနေ့ တို့တစ်တွေပုံဆွဲကြမယ်” လို့ ဆရာမကပြောတယ်။
“ဟုတ်ပြီ” လို့ လူကလေးတွေးလိုက်တယ်။ လူကလေးက ပုံဆွဲရတာကြိုက်တယ်လေ။ သူက ပုံအမျိုးမျိုးလည်း ဆွဲတတ်တယ်။ ခြင်္သေ့၊ ကျား၊ ကြက်၊ နွား ရထားတွေနဲ့ သင်္ဘောတွေပေါ့။ ရောင်စုံခဲတံဘူးကို ဆွဲထုတ်လိုက်ပြီး လူကလေး ပုံစဆွဲတော့တယ်။
အဲဒီအချိန်မှာ ဆရာမက “ခဏနေကြဦးအခုစဖို့အချိန်မကျသေးဘူး” ဆိုပြီး ဆရာမက အားလုံးအဆင်သင့်ဖြစ်တဲ့အထိ စောင့်ခိုင်းတယ်။ ပြီးတော့မှ “ကဲတို့တစ်တွေ ပန်းပုံဆွဲကြရအောင်” တဲ့။
“ဟုတ်ပြီ” လို့လူကလေးတွေးလိုက်တယ်။ သူ ပန်းပုံဆွဲရတာ ကြိုက်တယ်လေ။ ဒါနဲ့ သူပန်းလှလှလေးတွေစဆွဲနေတယ်။ သူ့ရဲ့ပန်းရောင်၊ လိမ္မော်နဲ့ အပြာရောင် ရောင်စုံခဲတံတွေနဲ့ပေါ့။အဲဒီအချိန်မှာ ဆရာမက “ခဏနေကြဦး ဆရာမပြသလိုလိုက်ဆွဲကြ အပွင့်ကအနီ၊ ရိုးတံကအစိမ်းဖြစ်ရမယ်နော်…နားလည်ပြီလား၊ ကဲမင်းတို့စဆွဲလို့ရပြီ” တဲ့။
လူကလေးက ဆရာမရဲ့ပန်းကိုကြည့်လိုက်တယ်။ ပြီးတော့ သူ့ပန်းကိုပြန်ကြည့်တယ်။ သူ့ပန်းကို ဆရာမရဲ့ပန်းထက် ပိုသဘောကျတယ်။ ဒါပေမယ့် လူကလေးဘာမှမပြောဘူး။ သူ့စာရွက်ကို လှန်လိုက်တယ်။ ပြီးတော့ ပန်းပုံလိုက်ဆွဲတယ်။ ပွင့်ဖတ်အနီ၊ ရိုးတံအစိမ်းလေးနဲ့ပေါ့။
,,,,,,,,,,
နောက်တစ်နေ့ လူကလေးကျောင်းခန်းတံခါးကို ဖွင့်ဝင်လိုက်တဲ့အခါ ဆရာမက “ဒီကနေ့ ရွှံ့နဲ့တစ်ခုခု လုပ်ကြမယ်”တဲ့။
“ဟုတ်ပြီ” လို့ လူကလေးတွေးလိုက်တယ်။ လူကလေးက ရွှံ့ကိုင်ရတာကြိုက်တယ်။ ပြီးတော့ ရွှံ့နဲ့ ပုံစံအမျိုးမျိုးလုပ်တတ်တယ်။ မြွေ၊ ခရု၊ ဆင်၊ ကြွက်၊ ရထားနဲ့ ကားတွေပေါ့။ ရွှံ့တုံးကိုယူပြီး နယ်လိုက်၊ ဆွဲဖဲ့လိုက်နဲ့ စပြီးလုပ်တော့တယ်။
အဲဒီအချိန်မှာ ဆရာမက “ခဏနေကြဦး…အခုစဖို့ အချိန်မကျသေးဘူး” တဲ့။ အားလုံးအဆင်သင့်ဖြစ်တော့မှ ဆရာမက “ကဲ တို့တစ်တွေ ပန်းကန်လုပ်ကြရအောင်” တဲ့။
“ဟုတ်ပြီ” လို့ လူကလေးတွေးလိုက်တယ်။ လူကလေး ပန်းကန်လုပ်ရတာကြိုက်တယ်။ ဒါနဲ့ ပန်းကန်စလုပ်တော့တယ်။ ပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးပေါ့။
အဲဒီအချိန်မှာ ဆရာမက “ခဏနေကြဦး…ဘယ်လိုလုပ်ရမလဲ ဆိုတာဆရာမပြမယ်” ဆိုပြီး စောက်နက်တဲ့ ပန်းကန်တစ်ချပ် လုပ်ပြတယ်။ ” တွေ့တယ်နော်…ကဲမင်းတို့ စလုပ်လို့ရပြီ”တဲ့။
လူကလေးက ဆရာမရဲ့ ပန်းကန်ကို ကြည့်လိုက်တယ်။ ပြီးတော့သူ့ပန်းကန်ကိုပြန်ကြည့်တယ်။ သူ့ပန်းကန်ကို ဆရာမရဲ့ပန်းကန်ထက် ပိုသဘောကျတယ်။ ဒါပေမယ့် လူကလေး ဘာမှမပြောဘူး။ ရွှံ့တုံးကို အလုံးကြီးကြီးရအောင် လှိမ့်လိုက်တယ်။ ပြီးတော့ ပန်းကန်ပြားတစ်ချပ်လုပ်လိုက်တယ်။ ဆရာမလို စောက်နက်နက်နဲ့ ပန်းကန်ပဲပေါ့။
– မကြာမီပဲ လူကလေး စောင့်တတ်သွားတယ်။
– ပြီးတော့ သူများကို လိုက်ကြည့်တတ်လာတယ်။
– ပြီးနောက် ဆရာမလုပ်ပြတာကိုပဲ လိုက်လုပ်တတ်တော့တယ်။
– သူ့စိတ်ကြိုက်ဘာမှမလုပ်တော့ဘူး။ တစ်နေ့မှာတော့ လူကလေးတို့မိသားစု တစ်ခြားမြို့ကို အိမ်ပြောင်းကြရတယ်။ အဲဒီက ကျောင်းသစ်ကို လူကလေး တက်ရတာပေါ့။
ကျောင်းသစ်က ပိုတောင်ကြီးသေးတယ်။ အရင်ကျောင်းကလို သူ့အခန်းထဲကို အပြင်ကနေဝင်ဖို့ တံခါးမရှိဘူး။ လှေခါးထစ်အကြီးကြီးတွေကနေ အပေါ်ကိုတက်ရတယ်။ ပြီးတော့ အခန်းရှည်ကြီးတွေကိုလည်း ဖြတ်လျှောက်ရတယ်။
အဲဒီကျောင်းကို စရောက်တဲ့နေ့မှာ ဆရာမက “ဒီကနေ့တို့တစ်တွေ ပုံဆွဲကြရအောင်” တဲ့။
“ဟုတ်ပြီ” လို့ လူကလေးကတွေးရင်း ဆရာမ ဘာခိုင်းမလဲလို့ လူကလေးစောင့်နေတယ်။
ဒါပေမယ့် ဆရာမက ဘာမှမပြောဘူး။ အခန်းထဲမှာပဲ လမ်းလျှောက်နေတယ်။ လူကလေးအနားကိုရောက်တော့ “မင်းပုံမဆွဲချင်ဘူးလား” လို့ မေးတယ်။
“ဆွဲချင်တယ်၊ ဘာဆွဲရမှာလဲ” လို့ လူကလေး ပြန်မေးလိုက်တယ်။
“မင်းပုံ မဆွဲမချင်း ဆရာမဘယ်သိမလဲ” လို့ ဆရာမက ပြောတယ်။
“ဘယ်လိုဆွဲမလဲ” လို့ လူကလေးကမေးတော့ …
“တကယ်လို့ အားလုံးက ပုံတစ်မျိုးတည်း၊ အရောင်တစ်မျိုးတည်း သုံးကြရင် ဘယ်သူက ဘာပုံဆွဲတတ်တယ်၊ ဘယ်ပုံက ဘယ်သူ့ပုံဆိုတာကို ဆရာမဘယ်လိုလုပ်သိမလဲ”လို့ ဆရာမကပြောတယ်။
“သားမသိတော့ဘူး” လို့ လူကလေးက ပြန်ပြောတယ်။
ဒါပေမယ့် ….. ပုံကိုတော့ စဆွဲလိုက်တယ်။ ပွင့်ဖတ်အနီနဲ့ ရိုးတံအစိမ်းလေးပဲပေါ့။
credit :
ဆရာ သုတမင်းညို
၂၀၁၈ ဇူလိုင်လ ၁၀ရက်
ECD training H-out