ကလေးတို့အတွက်ပုံပြင် – ငုပ်မိသဲတိုင်

ကလေးတို့အတွက်ပုံပြင်  – ငုပ်မိသဲတိုင်

ကလေးတို့ရေ …

တစ်ခါတုန်းကသေးငယ်တဲ့ဖါးငယ်လေးတစ်အုပ်စုဟာမျှော်စင်အမြင့်ကြီးတစ်ခုပေါ်ကိုအတက်ပြိုင်ခဲ့ကြသတဲ့။ သူတို့ရဲ့အဓိကပန်းတိုင်ကမျှော်စင်ကြီးထိပ်ထိရောက်အောင်တက်ဘို့ပါဘဲကွယ်။ ဒီဖါးလေးတွေဒီမျှော်စင်ကြီးပေါ်တက်မယ်ဆို တဲ့သတင်းကြားတော့တစ်မြို့လုံးကဖါးတွေထွက်လာပြီးလာကြည့်ကြသတဲ့ကွယ်။

“ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးကွာ။ မင်းတို့မယုံယင်ကြည့်နေကြ”
“ဒီကောင်တွေအပေါ်ကိုဘယ်တော့မှရောက်မှာမဟုတ်ဘူး”
“မျှော်စင်ထိပ်ကိုရောက်ဘို့ရာခိုင်နှုန်းကမရှိသလောက်ကိုနည်းပါတယ်”
“ကျားသားမိုးကြိုး။ ဒီကောင်တွေကများတန်ရာတန်ရာလုပ်တာမဟုတ်ဘူး”
“ကိုယ့်ဒုက္ခကိုယ်ရှာချင်တဲ့ကောင်တွေ”
“အလကားပါကွာ။ နာမယ်ကြီးအောင်စတန့်ထွင်နေတာပါ”
“အကလားအလုပ်မရှိကြောင်ရေချိုးတဲ့ကောင်တွေ”

ပြိုင်ပွဲတောင်မစရသေးဘူး၊ ထွက်လာတဲ့အားပေးသံတွေပါဘဲကလေးတို့ရေ။

လူတွေရဲ့သဘောက ‘ကောင်းတာ’ နဲ့ ‘မကောင်းတာ’ ဘယ်ဟာကိုပိုပြောချင်ကြတယ်ဆိုတာကလေးတို့စဉ်းစားကြည့်နိုင်ပါတယ်။ ကိုယ့်ကိုဒီလိုလာပြောယင်ကြိုက်မှာမဟုတ်လို့သူများကိုလည်းမပြောရဘူးနော်။

ပြိုင်ပွဲစတာနဲ့ဖါးလေးတွေတစ်ကောင်ပြီးတစ်ကောင်မျှော်စင်ကြီးပေါ်ကိုခုန်ခုန်ပြီးတက်သွားကြပါလေရောကွယ်။ တစ်ချို့လည်းအောက်ခြေမှာတင်ပြုတ်ကျကြသတဲ့။ ပြုတ်ကျလာတဲ့ဖါးတွေကိုကြည့်နေတဲ့ဖါးတွေကဝိုင်းရီကြသတဲ့။ ကိုယ်တိုင်လည်းမလုပ်နိုင်၊ လုပ်တဲ့ဖါးကိုလည်းလှောင်ကြတာဘယ်လိုဖါးတွေလဲခလေးတို့တွေးကြည့်ကြနော်။

တစ်ချို့ဖါးလေးတွေလည်းလမ်းတစ်ဝက်ကနေပြုတ်ကျလာကြသတဲ့။ ကျလာတဲ့ဖါးတွေကိုကြည့်နေတဲ့ဖါးတွေကရီယင်ရီ၊ မရီယင်လှောင်ကြသတဲ့။

“မရပါဘူးပြောနေတာတော်တော်စတန့်ထွင်ချင်တဲ့ကောင်။ ကျတာတောင်နည်းသေးတယ်”
“ထိုင်နေအကောင်းသား၊ ထသွားမှကျိုးမှန်းသိဆိုတာဒီလိုကောင်တွေပေါ့”

စသည်ဖြင့်ပွဲကြည့်ပရိတ်သတ်ရဲ့ဝေဘန်မှုတွေကရက်စက်လှပါတယ်ကွယ်။
တစ်ချို့ဖါးလေးတွေလည်းမျှော်စင်ထိပ်နားရောက်မှပြုတ်ကျကြသတဲ့။

“သေပစေ။ ဒါမှနောက်စတန့်မထွင်ကြတော့မှာ”
“ငါပြောသားဘဲ။ မရပါဘူးဆိုနေ” …. ထပ်ပြောကြပြန်ပါရောကွယ်

ဖါးတွေဟာအပြစ်တင်ရပ်မသွားကြပါဘူးကွယ်။ သူများကိုဘယ်လိုအပြစ်ရှာajပာရမလဲဘဲချောင်းနေတဲ့သတ္တ<ါတွေပေါ့ကွယ်။ သူတို့အကြံဥာဏ်ကိုဘယ်သူမှတောင်းတာလဲမဟုတ်ဘူးနော်။ သူများတွေကိုမှိုချိုးမျှစ်ချိုးနဲ့၊ မရှက်တတ်ကြတာများ။

အဲဒီလိုဖါးတွေ ပွစိ-ပွစိ၊ ‘အုံ့အွမ်-အုံ့အွမ်’ နဲ့အသံတွေထွက်နေတုန်းဖါးကလေးတစ်ကောင်ဟာမျှော်စင်ကြီးပေါ်တစ်ထစ်ချင်း၊ ခုန်ခုန်ပြီးတက်သွားတာဘယ်သူမှသတိမပြုမိကြပါဘူးကွယ်။

ဒီဖါးကလေးဟာတစ်ထစ်ချင်းမှန်မှန်ခုန်တက်သွားတာမျှော်စင်ကြီးထိပ်နားရောက်မှကြည့်နေတဲ့ဖါးတွေသတိပြုမိကြသတဲ့။ ထုံးစံအတိုင်းဘဲအဲဒီဖါးတွေဆီက ပွစိ-ပွစိ၊ ‘အုံ့အွမ်-အုံ့အွမ်’ နဲ့အသံတွေထွက်လာကြပြန်ပါရောကွယ်။
သူတို့ပြောနေတာတာတွေဘာသာပြန်လိုက်တော့ဒီလိုကြားရသကွဲ့။

“ဒီကောင်လည်းပြုတ်ကျမှာပါ။ ကြည့်သာနေပါ”
“ဒီကောင်ကဘာကောင်လဲ။ သူ့ကိုယ်သူဘာများထင်နေလဲ”
“ဖါးကျမကျဘဲခွေးကျဝက်ကျတော့ကျတော့မှာဘဲ”
“ဖါးရူးကောင်းစားတစ်မွန်းတည့်ပါကွာ” …

ဒီဖါးကလေးကတော့မှန်မှန်ဘဲခုန်တက်သွားတာမျှော်စင်ကြီးထိပ်ကိုရောက်သွားပါတော့တယ်ကွယ်။ အဲဒီအခါအောက်ကဖါးအုပ်စုကြီးဆီက “ဟာ၊ ဟယ်” နဲ့အသံတွေ၊ ဝိုင်းပြီး “ဟေးဟေး” နဲ့အားပေးနေတဲ့အသံတွေဘဲထွက်နေသတဲ့ကွယ်။

အဲဒီဖါးလေးမြေပြင်ပေါ်ကိုပြန်ဆင်းလာတော့ဖါးသတင်းထောက်တွေကဓါတ်ပုံတွေတစ်ဖြတ်ဖြတ်ရိုက်ကြသတဲ့။ TV ဖါးသတင်းထောက်တွေကဖါးလေးမျက်နှာရှေ့မိုက်ကရိုဖုန်းကြီးထိုးပြီးအဲ့ဒီဖါးကလေးကိုဒီလိုမေးကြသတဲ့။

“ဒီလိုမျှော်စင်ထိပ်ကိုရောက်အောင်ဘယ်လိုစိတ်ဓါတ်ခွန်အားတွေမွေးခဲ့ပါသလဲ” လို့ဝိုင်းမေးကြသတဲ့။ ဖါးကလေးကတော့ဘယ်သူ့ကိုမှစကားမပြောဘဲသူ့အိမ်ကိုသူတစ်လှမ်းချင်းပြန်နေသတဲ့။ သတင်းထောက်တွေလည်းသူတို့အတွက်အဖြေမရလို့သူတို့စိတ်ထဲမှာဇဝေဇဝါဖြစ်နေကြသတဲ့။

အဲဒီအချိန်မှာဖါးတစ်ကောင်ကသတင်းထောက်ကိုရှင်းပြလိုက်သတဲ့။

“ဒီဖါးကနားကန်းနေတယ်” …. တဲ့။

ပုံပြင်ကလေးကတော့ဒါပါဘဲကွယ်

ဒီပုံပြင်ကလေးကနေခလေးတို့သင်ခန်းစာဘယ်နှစ်ရခုခဲ့ကြပါသလဲ။ လူတွေထဲမှာလည်းဆီလိုကြံဖန်အပေါက်ရှာထွက်ပြီးအပြစ်ဘဲတင်ချင်တဲ့လူတွေရှိတယ်နော်။ ဒီအဓိပ္ပွါယ်မရှိတဲ့စကားတွေဟာကိုယ်ချီတက်ရမဲ့ခရီးမှာအကူအညီမဖြစ်ယုံမကဘဲအနှောင့်အယှက်နဲ့အဆိပ်အတောက်သာဖြစ်စေတတ်ပါတယ်။ အခုနဖါးလေးဟာဘယ်သူ့ကိုမှဂရုမစိုက်ဘဲသူ့ပန်းတိုင်ကိုသာမျက်ခြေအပြတ်မခံခဲ့လို့အောင်ပန်းဆွတ်ခူးနိုင်ခဲ့တာပါဘဲကွယ်။ “ကိုယ့်ပန်းတိုင်” နဲ့ “အဖျက်စကား” ရွေးတတ်ဘို့လိုတယ်နော်။

ကလေးတို့လိမ္မာရေးခြားရှိတဲ့မိကောင်းဖခင်သားသမီးတွေဖြစ်ကြပါစေကွယ်။