ကလေးတို့အတွက်ပုံပြင် – ဆင်ခြေထောက်

ကလေးတို့အတွက်ပုံပြင်  – ဆင်ခြေထောက်

ကလေးတို့ရေ …

ဒီနေ့ပြောပြမဲ့ပုံပြင်ကဆင်ခြေထောက်ဆိုလို့လန့်မသွားကြနဲ့အုန်းနော်။ ဆင်ခြေထောက်ရောဂါအကြောင်းမဟုတ်ပါဘူးကွယ်။ ဒို့များရဲ့ဦးနှောက်တွေဟာဒို့မျက်လုံးတွေရဲ့ကျွန်ဖြစ်နေကြပုံအကြောင်းလေးကိုဒီပုံပြင်ကလေးကသရုပ်ဖေါ်ပြသွားပါလိမ့်မယ်ကလေးတို့ရေ။

တစ်ခါတုန်းကလူတစ်ယောက်ဟာဆင်တွေကိုထားတဲ့နေရာတစ်ခုနားကနေဖြတ်လျှောက်သွားသတဲ့။ အဲဒီနေရာမှာဆင်တွေအများကြီးဘဲသိုလှောင်ထားသတဲ့ကွယ်။ ဒီဆင်ကြီးတွေရဲ့ခြေထောက်တစ်ချောင်းစီကိုကြိုးသေးသေးနဲ့ချီထားတာတွေ့တော့အံ့သြသွားလို့ဆင်တဲမှာအလုပ်လုပ်နေတဲ့အမှုထမ်းတစ်ယောက်ကိုသွားမေးပါသတဲ့ကွယ်။

“ဒီဆင်ကြီးတွေဟာအကြီးကြီးတွေပါ။ သူတို့ဟာသစ်တုံးကြီးတွေကိုတောင်ဆွဲနိုင်တဲ့ခွန်အားရှိပါလျက်နဲ့ဒီကြိုးသေးသေးလေးကိုဘာဖြစ်လို့တစ်ချက်ထည်းနဲ့ပြတ်သွားအောင်ဆောင့်မရုန်းကြတာလဲ” လို့မေးပါသတဲ့။

အဲဒီအခါဆင်ထိန်းအမှုထမ်းကြီးက “အဲဒါကလွယ်လွယ်လေးပါ။ ဒီဆင်ကြီးတွေဆင်ကလေးဘဝတုန်းထဲကသူတို့ကိုဒီလိုကြိုးလေးတွေနဲ့ခြေထောက်ကိုချည်ထားခဲ့ပါတယ်။ ဟိုတုန်းကတော့သူတို့မရုန်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ဆင်ကလေးခလေးဘဝထဲကနေ့တိုင်းသူတို့ကိုဒီကြိုးနဲ့ဘဲချည်ထားတော့ဆင်ကြီးဖြစ်လာတဲ့အခါသူတို့စိတ်ထဲမှာဒီကြိုးဟာသူတို့ထက်အမြဲပိုသန်တယ်ဘဲထင်နေလို့ရုန်းချင်တဲ့စိတ်မရှိတော့ပါဘူး” လို့ပြန်ပြောခဲ့သတဲ့။

ပုံပြင်ကလေးကတော့ဒါပါဘဲကလေးတို့ရေ။

ကလေးတို့ဘာသင်္ခဏ်းစာတွေရလိုက်ပါသလဲကွယ်။ ငယ်ရွယ်စဉ်မှာစိတ်ဓါတ်အဆိပ်ခတ်ခံရယင်တစ်သက်လုံးမှိုင်းမိနေတတ်၊ တစ်သက်လုံးသူ့ကျွန်ဖြစ်နေရတတ်ပါတယ်။ ဟိုးခေတ်ဟောင်းကအယူအဆတွေဝါဒတွေဟာဒီနေ့ခေတ်မှာကောင်းကျိုးနဲ့ဆိုးကျိုးဘယ်ဟာပိုများတယ်ဆိုတာပြန်ကြည့်တာဟာကိုယ့်စိတ်မှိုင်းမိနေသလားဆိုတာပြန်ကြည့်ခြင်းတစ်မျိုးပါဘဲကွယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ “မျောက်ငါးကောင်” ဆိုတဲ့ပုံပြင်ကလေးတစ်ခုရေးခဲ့ဘူးသေးတယ်နော်။ လူတစ်ဦးချင်းကိုရော၊ တိုင်းပြည်တစ်ခုကိုရောကြိုးကိုင်ရတာလွယ်ပါတယ်။ ဟစ်တလာတို့၊ မော်စီတုန်းတို့အကြောင်းတွေဖတ်ကြည့်ယင်ပိုသိနိုင်ပါတယ်ကွယ်။ ဒီလိုဘဲအမျှော်အမြင်ကြီးမားစွာနဲ့လူထုကိုပညာပေးခဲ့၊ ဦးဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်။ မဟတ္တမဂန်ဒီ၊ နယ်လ်ဆင်မန်ဒဲလား၊ ဒလိုင်းလားမားတို့အကြောင်းခလေးတို့အချိန်ရယင်လေ့လာကြည့်ပါကွယ်။ ဒီလူတွေဟာသူများတွေးမတွေးခဲ့ကြပါဘူး။ သူတို့ဟာမှိုင်းမမိခဲ့ကြပါဘူး။

လူတွေဘယ်လောက်မှိုင်းမိနေကြသလဲဆိုတာကိုမြန်မာဖေ့(စ်)ဘွတ်(ခ်)ပေါ်မှာတွေ့နိုင်ပါတယ်ကလေးတို့ရေ။ ဂုဏ်ယူစွာနဲ့တစ်ယောက်ကိုတစ်ယောက်ပက်ပက်စက်စက်ဆဲကြ၊ ဖျက်လိုဖျက်ဆီးတွေလုပ်ကြနဲ့တော်တော်အောက်တန်းရောနောက်တန်းရောကျတဲ့အလုပ်တွေကိုတွေ့နိုင်ပါတယ်ကွယ်။

ခလေးတို့လည်းသူများတွေရဲ့အဆိပ်မှိုင်းမမိနိုင်တဲ့ကလေးတွေဖြစ်ကြပါစေ။
ကလေးတို့ခေတ်မှီတဲ့၊ ရှေ့ခေတ်တွေကိုကြိုကြည့်နိုင်တဲ့ကလေးတွေဖြစ်ကြပါစေကွယ်

(share နိုင်ပါသည်)