ကလေးတို့အတွက်ပုံပြင် – နှံကောင်လေး

ကလေးတို့ရေ …

ကလေးတို့ကိုပုံမပြောပြဖြစ်တာကြာသွားပြန်ပြီကွဲ့နော်။

ဟိုးရှေးရှေးတုန်းကတရုတ်ပြည်မှာဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးရှိခဲ့သတဲ့ကွယ်။ ဒီအဲဒီဘုန်းတော်ကြီးဟာ တပည့်သံဃာအနည်းငယ်နဲ့ဂူကြီးတစ်ခုထဲမှာသိတင်းသုံးသတဲ့။

တစ်နေ့မှာတော့သူ့ဆီကိုတောင်ယာလုပ်ကိုင်တဲ့တောင်သူဇနီးမောင်နှံနှစ်ဦးကဆယ်နှစ်သားအရွယ်သူတို့ရဲ့သားလေးကိုလက်ဆွဲလို့ရောက်လာပြီးသူတို့သားလေးကို ကိုရင်ဝတ်ဘို့ဘုန်းတော်ကြီးဆီမှာအပ်ခဲ့ပါတယ်။ ကလေးကိုမိဘနှစ်ပါးကချစ်စနိုးနဲ့ ‘နှံကောင်လေး’ လို့ခေါ်ခဲ့လို့ဘုန်းတော်ကြီးကလည်း ‘နှံကောင်လေး’ လို့ဘဲဆက်ခေါ်ခဲ့ပါတယ်။ မိဘ ၂ ပါးကိုခုနှစ်ရက်နေယင်ပြန်လာကြဘို့ပြောပြီးနှံကောင်လေးကိုလက်ခံထားခဲ့ပါတယ်။

မိဘနှစ်ပါးပြန်သွားတော့ဘုန်းတော်ကြီးက

“အမောင်နှံကောင်လေး။ အမောင်ဒီမှာခုနှစ်ရက်ပြည့်မှကိုရင်ဝတ်ရမယ်။ ခုနှစ်ရက်မပြည့်ခင်တော့လောကမှာအရေးကြီးတဲ့လေ့ကျင့်ခန်းတစ်ခုကိုနေ့စဉ်အရင်လုပ်ရမယ်။ ခုနှစ်ရက်မြောက်မှာအဲဒီလေ့ကျင့်ခန်းကိုအောင်မြင်မှကိုရင်ဝတ်ရမယ်” လို့ပြောပြီးမြက်ခင်းကျယ်ကြီးတစ်ခုထဲကိုခေါ်သွားပါတယ်ကွယ်။

အဲဒီမြက်ခင်းထဲမှာ အကျယ် ၁ ပေ၊ အရှည် ၁၂ ပေ ရှည်တဲ့သစ်သားပြားထူထူကြီးတစ်ချောင်းကိုတစ်ဖက်အုဋ်ခဲနှစ်ခုစီခံပြီးခင်းထားသတဲ့။ နှံကောင်လေးကိုအဲဒီပျဉ်ပြားတစ်ဘက်ကနေနောက်တစ်ဘက်ကိုလျှောက်ခိုင်းတော့အသာလေးဘဲလျှောက်ပြခဲ့ပါတယ်ကွယ်။

ဘုန်းတော်ကြီးကနှံကောင်လေးကိုလက်ဆွဲပြီးဂူအနက်ကြီးထဲကိုခေါ်သွားခဲ့ပါတယ်။ တစ်နေရာမှာတော့ဂူအတွင်းမှာစိမ့်စမ်းရေအိုင်လိုရေကန်လေးတစ်ခုရှိပြီးကန်ဘောင်အစပ်နှစ်ဘက်ကိုပျဉ်ပြားခင်းပြီးတံတားလုပ်ထားတာတွေ့ရပါတယ်။

ဘုန်းတော်ကြီးကနှံကောင်လေးကိုကန်စပ်ကိုသွားပြီးအထဲကိုငုံ့ကြည့်ခိုင်းပါတယ်။ ရေအောက်မှာအရိုးစု ၂ ခု ၃ ခု တွေ့ရတော့နှံကောင်လေးလန့်သွားပါတယ်ကွယ်။ ဘုန်းတော်ကြီးက “နှံကောင်လေး။ ရေအောက်မှာဘာတွေတွေ့လဲ” လို့မေးတဲ့အခါ “အရိုးစုတွေတွေ့ပါတယ်ဘုရား” လို့ပြန်လျှောက်လိုက်သတဲ့ကွယ်။ ဘုန်းတော်ကြီးက “အေး…အဲဒီအရိုးစုတွေဟာမင်းလိုဘဲကိုရင်ဝတ်ဘို့လာခဲ့ကြတဲ့မင်းရဲ့နောင်တော်တွေအရိုးတွေဘဲပေါ့ကွယ်။ အမှန်ကအဲဒီကန်ထဲကရေဟာအင်မတန်ပြင်းတဲ့ငရဲမီးအရည်တွေဘဲကွဲ့။ ခုနှစ်ရက်ပြည့်တဲ့အခါမင်းဒီကန်ကိုဖြတ်ကူးလျှောက်နိုင်မှငါကသင်္ကန်းစည်းပေးမှာ။ မင်းအပြင်မြက်ခင်းပေါ်မှာဖြတ်လျှောက်ခဲ့တဲ့ပျဉ်ပြားနဲ့ဒီပျဉ်ပြားက အလျား၊ အနံ၊ အထူအားလုံးအတူတူဘဲ။ ဒါကြောင့်တစ်ပတ်လုံးလုံးမင်းတခြားဘာအလုပ်မှမလုပ်ဘဲမြက်ခင်းပေါ်မှာဘဲဒီတံတားကူးလေ့ကျင့်ပေတော့” လို့ပြောပြီးနှံကောင်လေးကိုအပြင်ကိုပြန်ခေါ်လာခဲ့ပါတယ်။

နှံကောင်လေးလည်းအဲဒီနေ့မှာဘဲမနားတန်းကျိုးစားလိုက်တာနေ့ဝက်နဲ့တင်ပျဉ်ပြားပေါ်မှာပြေးလွှားနိုင်၊ နောက်ပြန်လျှောက်နိုင်၊ မျက်စေ့မှိတ်ကူးနိုင်လာခဲ့ပါတယ်။ ခုနှစ်ရက်ပြည့်တော့ဘုန်းတော်ကြီးကသူ့ကိုခေါ်ပြီးမေးပါတယ်။

“နှံကောင်လေး။ မင်းကိုငါအချိန်ခုနှစ်ရက်ပေးခဲ့တာမင်းလေ့ကျင့်ခန်းလုပ်ရဲ့လား” ဆိုတော့ “လုပ်ပါတယ်ဘုရား” လို့ရဲရဲဝံ့ဝံ့ပြန်ဖြေလိုက်သတဲ့။
“အေး၊ ကြည့်ကြသေးတာပေါ့။ လာ၊ လိုက်ခဲ့” လို့ဘုန်းတော်ကြီးကပြုံးပီးပြန်ပြောလိုက်တော့နှံကောင်လေးရင်ထဲ ‘ထိတ်ကနဲ’ တစ်ချက်ဖြစ်သွားပါတယ်ကွယ်။ ဘုန်းတော်ကြီးနောက်ကနေမဝံ့မရဲခြေလှမ်းလေးတွေနဲ့ကုတ်ချောင်းချောင်းလိုက်သွားခဲ့ရပါတယ်။

“ငါ့ကိုအခုနေအဖေနဲ့အမေပြန်လာခေါ်ယင်သိတ်ကောင်းမှာ။ ငါပြုတ်ကျခဲ့ယင်အဖေနဲ့အမေကိုပြန်တွေ့ရတော့မှာမဟုတ်ဘူး” လို့တွေးမိလို့မျက်ဝန်းမှာမျက်ရည်တွေဝိုင်းလာပါတယ်။

ကန်စပ်ကိုရောက်တော့ဘုန်းတော်ကြီးကဘေးဖယ်ပြီးနှံကောင်လေးကိုပျဉ်ပြားကိုလက်ညှိုးထိုးပြလိုက်ပါတယ်။ နှံကောင်လေးကမကူးသေးဘဲရပ်နေပါတယ်။ “ဘာလုပ်နေတာလဲ” လို့ဘုန်းတော်ကြီးကမေးလိုက်တော့နှံကောင်လေးတံတားစပ်ကိုလျှောက်လာရပါတော့တယ်ကွယ်။

နှံကောင်လေးလည်းအသက်အောင့်ပြီးခြေတစ်လှမ်းစလှမ်းလိုက်ပါတယ်။ ပြီးတော့နောက်တစ်လှမ်း၊ ပြီးတော့နောက်တစ်လှမ်း၊ ပြီးတော့နောက်တစ်လှမ်းနဲ့လှမ်းသွားလိုက်တာတံတားအလည်ကိုရောက်လာပါတယ်။ အဲဒီမှာတံတားအောက်ကအရိုးတွေကသူ့ကိုဝိုင်းအော်နေကြသလိုသူခံစားလာရပါတယ်။ သူ့လက်ဖဝါးတွေမှာချွေးတွေပြန်လာပါတယ်။ ဂူထဲမှာအေးပေမဲ့သူ့နဖူးမှာချွေးတွေပြန်လာပါတယ်။ ပျဉ်ပြားကြီးတစ်ခုလုံးသေးလာ၊ ကျုံ့လာသလိုသူခံစားလာရပါတယ်။ ရင်ခုန်သံတွေကတစ်ဒိန်ဒိန်းနဲ့အကျယ်ကြီးဖြစ်နေပါတော့တယ်။ ဒီအတိုင်းဆိုယင်သူကျတော့မယ်ဆိုတာသိလာပါတယ်။ ရှေ့ကိုမျှော်ကြည့်လိုက်ပြန်တော့ရှေ့မှာကျန်နေသေးတဲ့ပျဉ်ပြားခရီးကမိုင်တစ်ထောင်လောက်ရှည်တယ်လို့ထင်လာမိပါတယ်။ နှံကောင်လေးဒူးတွေတုန်လာပါတယ်။ အဲဒီမှာသူကျိုးစားပြီးခြေတစ်လှမ်းဆက်လှမ်းလိုက်ပါတယ်။

“ဘွမ်း” ဆိုပြီးနှံကောင်လေးတံတားပေါ်ကနေပြုတ်ကျပါလေရောကွယ်။ သူ့ကိုငရဲမီးတွေစားမှာကြောက်လို့ကန်ထဲကနေအသားကုန်ပြေးတက်လာပါတော့တယ်။ ကန်စပ်ကိုရောက်တော့သူ့ခမျာကြောက်လွန်းလို့တစ်ဆပ်ဆပ်နဲ့တုန်နေရှာသတဲ့။

သူ့အနားကိုဘုန်းတော်ကြီးရောက်လာပြီး “နှံကောင်လေး။ ဘာမှမကြောက်နဲ့။ အဲဒါငရဲမီးမဟုတ်ဘူ။ အဲဒါရိုးရိုးရေဘဲ။ အရိုးတွေကလည်းတိရစ္ဆာန်အရိုးတွေ။ ဒီရေကန်ထဲမှာဘယ်သူမှမသေခဲ့ဘူးဘူး” လို့ပြောတော့နှံကောင်လေးဟာအကြောက်ပြေသွားသတဲ့။

ဘုန်းတော်ကြီးကဆက်ပြီး “မင်းဘာဖြစ်လို့ပြုတ်ကျတာလဲသိလား။ မင်းကိုတွန်းချခဲ့တာကမင်းရဲ့အကြောက်တရားဘဲ။ အကြောက်တရားဆိုတာဝင်လာတာနဲ့တဖြည်းဖြည်းနဲ့သူ့အလိုလိုပိုလို့သာကြီးလာတတ်တဲ့အရာဘဲ။ တရားခံကတခြားဘယ်သူမှမဟုတ်ဘူး။ ဒီသင်ခန်းစာကိုမင်းအမြဲမှတ်ထားပေတော့” လို့ပြောပြီးသင်္ကန်းစည်းပေးလိုက်ပါတယ်။

ပုံပြင်လေးကတော့ဒါပါဘဲကွယ်။ ကလေးတို့ဒီပုံပြင်ကနေဘာသင်ခန်းစာ(တွေ)ရခဲ့ပါသလဲ။

လောကမှာမကြောက်တတ်တဲ့လူဆိုတာမရှိပါဘူးကလေးတို့ရေ။ တစ်ခုကိုမကြောက်ယင်နောက်တစ်ခုကိုတော့ကြောက်တတ်ကြတာချည်းပါဘဲ။ သတ္တိရှိတယ်ဆိုတဲ့လူတွေလည်းကြောက်တတ်တာပါဘဲ။

ကလေးတို့မှတ်ထားရမှာကတကယ့်သတ္တိအစစ်ဆိုတာမကြောက်တတ်တာမဟုတ်ဘူးကွဲ့။ (၁)အကြောက်တရားကိုကိုင်တွယ်နိုင်၊ စီမံနိုင်တာ (၂)ကြောက်ရဲ့သားနဲ့ကြောက်တဲ့အရာကိုရင်ဆိုင်ရဲတာကိုသတ္တိလို့ခေါ်ပါတယ်။ မီးဟာလောင်မှန်းသိရက်နဲ့မီးခဲကိုင်တာသတ္တိမဟုတ်ပါဘူး။ မိုက်ရူးရဲဆန်တာပါ။

သိုးဆောင်းစကားပုံလေးတစ်ခုရှိပါတယ်ကွယ်။ “အကြောက်တရားကဝံပုလွေကိုပိုကြီးစေတယ်’ တဲ့။ မြက်ခင်းပေါ်မှာတုန်းကမကြောက်ဘဲနဲ့ငရဲမီးကန်ကိုကူးရမှအကြောက်တရားပေါ်လာကြောင့်နှံကောင်လေးရေထဲပြုတ်ကျခဲ့တာပေါ့ကွယ်။ ‘သံသယဟာကြောက်ရွံခြင်းရဲ့မျိုးစေ့’ ပါဘဲ။ ကိုယ့်အကြီးဆုံးရန်သူဟာပြင်ပကမဟုတ်ဘဲကိုယ့်အတွင်းမှာဘဲရှိပါတယ်။

အကြောက်တရားဆိုတာအစာကျွေးစရာမလိုဘဲသူ့အလိုလိုကြီးထွားတယ်ဆိုတာကလေးတို့မမေ့နဲ့နော်

ကလေးတို့ကြောက်ခြင်း၊ ရွံ့ခြင်းကင်းကြပါစေကွယ်။

ကလေးတို့ကိုချစ်တဲ့ဦးဦး