❓ကလေးကို ကော်ဖီတိုက်မလား❓

****************************
❗️ကမ္ဘာမှာ ဆယ်ကျော်သက်တွေ ကော်ဖီ အသောက်လွန်တာကို စိုးရိမ်လို့ သုသေတနပြုသူများက စာရင်းပြုကြည့်တော့ ပိုပြီးစိုးရိမ်ဖွယ်ရာတွေ့ရှိရပါတယ်။ အဲ့ဒါကတော့ ၂-၃ နှစ်အရွယ် ကလေးများကို ကော်ဖီ လက်ဖက်ရည် တိုက်နေကြခြင်းပါ။

❗️အောက်မှာ ရေးထားတဲ့ ပြဿနာများ ကြုံတွေ့ရတဲ့ ကလေးငယ်များနှင့် ဆယ်ကျော်သက်များစွာကို စနစ်တကျ လေ့လာကြည့်တော့ ကော်ဖီ “လွန်ကဲစွာသောက်တဲ့” ကလေးများဖြစ်နေပါတယ်။ ဘာပြဿနာတွေလဲ လေ့လာကြည့်ရအောင်။

🚫(၁) အိပ်စက်ချိန်လျော့နည်းခြင်း

ကလေးကိုယ်ခန္ဓာက အိပ်စက်ချိန်မှာ ကြီးထွားမှု ရပါတယ်။ ကော်ဖီက ကြီးထွားမှုကို တိုက်ရိုက်မထိခိုက်နိုင်ပေမယ့် အအိပ်နည်းရင် ကြီးထွားမှု နဲ့ အာရုံစူးစိုက်နိုင်မှု ထိခိုက်ပါတယ်။ ပညာသင်ကြားရေးထိခိုက်နိုင်ပါတယ်။

🚫(၂) ဂျီကျလွန်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ အရွယ်နဲ့မလိုက်အောင် ဒေါသကြီးခြင်း

စိတ်တို စိတ်ကြီးတဲ့ ကလေးတစ်ယောက်ဟာ ပျော်ရွှင်ချိန်လျော့နည်းပြီး အကောင်းမြင်စိတ်ကို ထိခိုက်နိုင်ပါတယ်။

🚫(၃) ကော်ဖီဖျော်ရာတွင်သုံးသော သကြားဓာတ်ကြောင့် ကလေး ဗိုက်မဆာဘဲ အာဟာရဖြစ်စေသော အခြား စားစရာများ စားသုံးခြင်းကို လျော့နည်းစေနိုင်ပါတယ်။

🚫(၄) ကော်ဖီမှာပါသော အက်စစ်ဓာတ်က ကလေးသွားရဲ့ အပေါ်လွှာကို တိုက်စားပစ်ပြီး သွားပိုးစားခြင်းကို ဖြစ်စေနိုင်ပါတယ်။ လူကြီးသွားရဲ့ အပေါ်လွှာက ကလေးထက် ပိုခိုင်မာတော့ လူကြီးမှာတော့ ကော်ဖီကြောင့် သွားထိခိုက်ဖို့ ဖြစ်နိုင်ချေနည်းပါတယ်။

🚫(၅) ကော်ဖီသောက်ရင် ပုံမှန်သွားသင့်တာထက် ဆီးသွားများတတ်ပါတယ်။ ဆီးသွားများလွန်းရင် ကယ်စီယမ်ဓာတ်အနည်းငယ် ဆုံးရှုံးပါတယ်။ ကလေးရဲ့ ခန္ဓာကိုယ်မှာ ကယ်စီယမ်က အရိုးဖြစ်တည်ဖို့ တန်ဖိုးကြီးတဲ့ သတ္တုတစ်မျိုးပါ။

🚫(၆) ကော်ဖီကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးပေါင် အနည်းငယ်တက်ပြီး ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ ဖြစ်တတ်ပါတယ်။

*********************************

အပေါ်မှာရှင်းပြတဲ့ အချက်အလက်များက ကလေးများ ကော်ဖီလွန်ကဲစွာသောက်ခြင်းရဲ့ ဆိုးကျိုးများပါ။ ဒီမှာ လူကြီးတစ်ယောက်က ကျွန်တော် ကျွန်မ ကော်ဖီ အများကြီးသောက်တာ ဒီလောက်မဆိုးပါဘူးလို့ ငြင်းကောင်းငြင်းနိုင်ပါတယ်။ ကလေး ဦးနှောက်၊ ကလေးကိုယ်ခန္ဓာက လူကြီးလောက် ခံနိုင်ရည်မရှိသေးပါ။

ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပြုလိုတာကတော့ ကလေး ဦးနှောက်နဲ့ ခန္ဓာ တည်ငြိမ်စွာ ကြီးထွားဖွံဖြိုးဖို့ ကေဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဦးနှောက်ကိုလှုံ့ဆော်တဲ့ အချိုရည်များ၊ ကိုကာကိုလာ၊ ပပ်စီ၊ ကျွဲရိုင်း စသော သောက်ဖွယ်များကို တတ်နိုင်သလောက် ရှောင်ရှားခြင်းက စိတ်အချရဆုံးဖြစ်မှာပါ။

နေနေမိုးဆွေ (Child Health Myanmar Page)
#naynaymoeswe
Reference;
1. Australia institute of food-safety
2. Nutrition guidelines from Royal Children Hospital, Victoria, Australia
3. Health Canada, The Federal Department.
Photo credits to Google Images