ဗီတာမင်-A ကိုစိုးရိမ်နေသော မိခင်များသို့

ဗီတာမင်-A ကိုစိုးရိမ်နေသော မိခင်များသို့
————————–———
နာဂစ်မုန်တိုင်းတိုက်ပြီး နောက် ရေလမ်းဖြင့်သာသွား၍ရသော ဝေးလံသီခေါင်သည့် မြစ်ဝကျွန်းပေါ်ဒေသရှိ ရွာလေးတစ်ရွာသို့ ဆေးကုဖို့ ရောက်ခဲ့သည်။ အမျိုးသမီးတယောက် ၄-နှစ်အရွယ်ကလေးငယ်လေးတဦးကိုလာပြ၏။ လာပြသည့်အကြောင်းအရာက အရေပြား ရောဂါလေး တစ်ခုဖြစ်သည်။ ကလေးကိုကြည့်တော့ အာဟာရ ချို့တဲ့နေသော လက္ခဏာလေးတွေ တွေ့ရသည်။ စကားပြောရင်းနှင့် နောက်ထပ်သိလာရတာက ဒီကလေးက ညဘက်ဆိုရင် မျက်စိမမြင်တော့ဘူးတဲ့။ အားလုံးက ပရောဂ ဆိုပြီးယူစထား၍ ဆရာဝန်နှင့်လည်းမဆွေးနွေးကြ။ ဆွေးနွေးဖို့ဆရာဝန်ကလည်း အနားမှာမရှိ။ ယခုရောက်လာသောဆရာဝန်ကိုလည်း အဲဒီအကြောင်း မဆွေးနွေးပဲ အရေပြားအနာလေးအကြောင်း လာဆွေးနွေးသည်။ ခေါင်းကိုနံရံနှင့် ပြေးဆောင့်ချင်သွားသည်။ ဒီကလေးမှာ ဗီတာမင်-A အရမ်းချို့တဲ့ပြီး ညဘက် မျက်စိမမြင် ဖြစ်နေတာပါ။

ဗီတာမင်-A ချို့တဲ့သော လက္ခဏာများ
————————–——
-မျက်လုံး၌ အရည်ခန်းခြောက်ခြင်း
-အရေပြား ခြောက်သွေ့ခြင်း। ကြာဆူးများပေါက်ခြင်း
-ရောဂါပိုး ခဏခဏ ဝင်ခြင်း( အသက်ရှူလမ်းကြောင်းပိုး। ဝမ်းရောဂါပိုး। အရေပြားပိုး। ဆီးပိုးစသဖြင့်)
-ညဘက်မျက်စိ မမြင်တော့ ခြင်း
-ကြီးထွားမှုနှေးခြင်း

ဘာလို့ချို့တဲ့တာလဲ
—————–
-ကျွန်တော်တို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ပြဿနာပါ။ မစားနိုင်လို့। မစားကြလို့ အဓိကဖြစ်၏။ ဟာဆရာကလည်း। ဒါမြန်မာနိုင်ငံပါ။ ထမင်းငတ်တဲ့လူ မရှိပါဘူး။ ဟုတ်မှာပါ။ ပြဿနာက ထမင်းကြီးပဲ ကျွေးနေလို့ ဖြစ်ပါသည်။ ထမင်းမှာ ဗီတာမင်-A မပါဝင်ပါ။
မေမေတွေ အမေးများတာကလည်း “ကျွန်မကလေး ထမင်းမစားဘူး। ထမင်းစားအောင် ဘာအားဆေးတိုက်ရမလဲ”। “ထမင်းလည်း အရမ်းစားတယ်ဆရာ। ဒါပေမယ့် မဖွံ့ဘူး”। ” ဒီကောင် ထမင်းကောင်းကောင်းစားပြီ। အခုမှပဲ စိတ်ချမ်းသာတော့တယ်”। အားလုံးက ထမင်းမှထမင်း ဖြစ်နေကြသည်။

– နောက်တစ်ခုက အသားကို ပုံမှန်မစားနိုင် ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံလို့ လာမငြင်းပါနှင့်။ ဆေးရုံမှာ အသားဓာတ်ချို့တဲ့ပြီး ဆေးရုံတင်ထားရသော ကလေးတွေရှိသည်။ ဖွံ့ဖြိုးပြီးနိုင်ငံမှာ မကြားဖူးသော ရောဂါဖြစ်သည်။ ဗီတာမင်-A တော့ စားပါရဲ့။ ဗီတာမင်-A ကို ခန္ဓာကိုယ်ထဲမှာ သိမ်းဖို့। သယ်ယူပို့ဆောင်ဖို့ အသားဓာတ်လိုသည်။

UNICEF နှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ ဗီတာမင်-A တိုက်ကျွေးရေး အစီအစဉ်
————————–——————–
-၁-သိန်းအား( 100000 IU ) အပြာရောင်ကို ၆လ မှ ၁ နှစ် အထိ ကလေးကို ၁-ကြိမ်တိုက်ကျွေးသည်။ များလေကောင်းလေဆိုပြီး ၆-လ အတွင်း နောက်တကြိမ်တိုက်ခြင်းမလုပ်ပါနှင့်။ ဘာကြောင့်လဲဆိုတာ အောက်မှာဆက်ပြောမည်။

-၂-သိန်းအား( 200000 IU ) အနီရောင်ကို ၁-၅ နှစ်ကလေးများကို ၆-လ တကြိမ်တိုက်ကျွေးသည်။ အထက်ကပြောသလို ၆-လအတွင်း ၁-ကြိမ်ထက်ပိုပြီး မတိုက်ပါနှင့်။

ဗီတာမင်-A ကို ဘယ်အစားအစာ ကရပါသလဲ
————————–————
ဗီတာမင်-A ကိုဘယ်အစားအစာကရလည်း မဆွေးနွေးခင် ဗီတာမင်- A အမျိုးအစား ၂-မျိုးကို အကြမ်းဖျင်းသိသင့်သည်။ တစ်မျိုးက ကုန်ကြမ်းဗီတာမင်-A (ကရိုတင်း/carotene) ဖြစ်၍ နောက်တစ်မျိုးကတော့ ကုန်ချောဗီတာမင်-A(retinol) ဖြစ်သည်။ ကုန်ကြမ်းဗီတာမင်-A က ခန္ဓာကိုယ်ထဲရောက်သွားရင် ကိုယ်တွင်းရှိစက်ရုံများက လိုအပ်ချက်ပေါ်မူတည်၍ ကုန်ချော-A သို့ ပြောင်းပေးသည်။ မလိုအပ်ပါက မပြောင်းတော့ပါ။ ကုန်ချော-A ကတော့ စားလိုက်လျှင် စက်ရုံများအတွက်တော့ အနားရသွား၏။ ပြောင်းပေးစရာမှ မလိုတော့တာကိုး။
ပြဿနာက ကုန်ချောတွေ အရမ်းများများစားမိလိုက်လျှင် လိုအပ်တာထက် ပိုသွားနိုင်သည်။ တခြား ဗီတာမင်တွေက ပိုသွားရင် ပြဿနာ မရှိပေမဲ့ ဗီတာမင် A တို့ D တို့ကအနည်းငယ် ပြဿနာ ရှိနိုင်သည်။ အရမ်းတော့ရှားပါသည်။ ကျွန်တော်လည်း မတွေ့ဖူးပါ။ မြန်မာပြည်မှာ A နှင့် D ချို့တဲ့တာ သိန်းနှင့်ချီနိုင်ရှိပါသည်

ကုန်ကြမ်းဗီတာမင် -A ရနိုင်သော အစားအစာ အရင်းအမြစ်များသည် အကြမ်းအားဖြင့် အပင်နှင့်ပတ်သက်သော ပစ္စည်းများဟုမှတ်ယူနိုင်သည်။ ဥပမာ- ကန်းစွန်းဥ। အဝါရောင် လိမ္မော်ရောင်သစ်သီးဝလံများနှင့် အရောင်ရင့်သောဟင်းသီးဟင်းရွက်များ။ ကလေးများကိုနေ့တိုင်းကျွေး। များများကျွေးသင့်သည်။

ကုန်ချောဗီတာမင်-A ရနိုင်သော အစားအစာ အရင်းအမြစ်များ သည် တိရိစ္ဆာန် နှင့်ပတ်သက်သော ပစ္စည်းများဟု မှတ်ယူနိုင်သည်။ ကြက်।ဆိတ်।အမဲ।ဝက်တို့၏ အသဲ। ကြက်ဥ। နို့နှင့် နို့ထွက် ပစ္စည်းများ। ၆-လ တကြိမ်တိုက်သော ဗီတာမင်-A ဆေးလုံးများ। ဗီတာမင်-A ပါသော ကလေးအားဆေးများဖြစ်၏။
#################################
မေး/ဖြေ

ကလေးကို ဗီတာမင်- A ဆေးလုံးတိုက်ထားတယ်। ဗီတာမင်-A ပါတဲ့အားဆေးတွေထပ်တိုက်လို့ရလား?
————————–——————–
– ဗီတာမင်-A ဆေးလုံးက ၆-လစာအတွက် ဖူလုံတာမို့ တိုက်ချင်လျှင် ဗီတာမင်-A မပါသော အားဆေးကိုတိုက်ပါ။ သို့မဟုတ် ဗီတာမင်-A အနည်းငယ်သာပါသော အားဆေး( ဥပမာ- 100IU to 200IU/ 30-60mcg ) ကို ကလေးအသက် ၂နှစ်မှစတိုက်ပါ။ တစ်ချို့ဝါးစား၍ရသော ကလေးအားဆေးများတွင် ဗီတာမင်-A 1000IU (300mcg ) လောက်ထည့်ထားသော ဆေးများလည်းရှိသည်။ ကလေးက တနေ့ကို ၂-၃လုံး ဝါးစားနေပြီး ၆-လ တကြိမ် တိုက်ကျွေးသည့် ဗီတာမင်-A ဆေးလုံးလည်းသောက်ထားလျှင် ဗီတာမင်-A များသွားသည့် အန္တရာယ် ရှိနိုင်ပါသည်။

ကျွန်မကလေးကို ဘာအားဆေးတိုက်ရမလည်း
————————–————-
ကလေးက သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ। နို့နှင့်နို့ထွက် ပစ္စည်းများ। သားငါး အစုံစားလျှင် ဘာအားဆေးမှတိုက်စရာမလိုပါ။ ပိုက်ဆံကုန်ပါသည်။

ကျွန်မကလေးကို အစာစားအောင် ဘာအားဆေးတိုက်ရမလည်း
————————–——————–
အစာစားအောင် တိုက်သည့်အားဆေး မရှိပါ။ lysine ဓာတ်ကလည်း အစာစားခြင်းကို အားပေးသည်ဟူ၍ ကောက်ချက်ချ၍ မရပါ။ အစားဂျီးများသောကလေးကို အားဆေးတိုက်နိုင်ပါသည်။
တိုက်သည့် ရည်ရွယ်ချက်က အစားဂျီးများသည့်အတွက် ဗီတာမင် နှင့် သတ္တုဓာတ်များ မလျော့သွားစေရန် ဖြည့်စွက်သည့် အနေဖြင့် တိုက်ပေးခြင်းဖြစ်သည်။

အားဆေးသောက်ပြီး ဘာလို့ ဆီးတွေဝါတာလည်း
————————–—————
ဗီတာမင် B2 ကြောင့်ပါ။ ပိုသွားတော့ ဆီးထဲပါလာတာပေါ့။

နိဂုံး
– ဗီတာမင်- A ချို့တဲ့ခြင်းမှ ကာကွယ်ရန် သင့်ကလေးငယ်ကို ကျန်းမာရေးဝန်ကြီးဌာန၏ ၆-လ တကြိမ် ဗီတာမင်-A တိုက်ကျွေးရေး အစီအစဉ်တွင် ပါဝင်ပေးပါ။
-အချက်အလက်အချို့ကို ရှာဖွေပေးသော ကလေးအထူးကု ဒေါက်တာ အေးမူစံ အားကျေးဇူးတင်ပါသည်။

မေတ္တာဖြင့်
စိုးမိုးကျော်( Child Health Myanmar Page)

Ref :
Filteau S M and Tomkins A M .Vitamin A supplementation in developing countries .BMJ 1995;72:106-109.
MSD Manual Professional Version on Vitamin A
WHO : Adverse events following administration of Vitamin A supplements
Mayo Clinic factsheet on Retinol

Photo