ကလေးနှင့် Chocking အန္တရာယ်
|အစားအစာကြောင့် chocking ရပြီး သေဆုံးတာ ငါးရက်မှာ ကလေးတယောက်နှုန်းရှိနေပါတယ်။ အသက် ၁၄နှစ်အောက် ကလေးတွေမှာ အသက်ဆုံးရတဲ့ အဓိကအကြောင်းတွေထဲက တခုပါ။
အစာကျွေးတဲ့အခါ chocking မရစေဖို့ သတိထားရမယ့်အချက်များ
****************************
– ကလေးငယ်တွေ အစာစားချိန်မှာ တယောက် ဘေးက စာင့်ကြည့်ရပါမယ်။
– ကလေး ကားစီးနေရင်း, တွန်းလှည်းစီးနေရင်း ကလေးကို အစာမကျွေးရပါဘူး။
– လှဲရင်း, လမ်းလျှောက်ရင်း, ကစားရင်း, ပြေးရင်း, စကားပြောရင်း, ငိုရင်း, ရယ်ရင်း အစာမကျွေးရပါဘူး။
– ကလေးကို သိပ်မဆာခင် အစာကျွေးပါ။ အငမ်းမရ စားသောက်တာမျိုး မဖြစ်စေရပါ။
– ထမင်းစားခုံမှာထိုင်ရင်း သေချာကျွေးသင့်ပါတယ်။ အစာကို ဖြည်းဖြည်းသာ စားစေပါ။
– အစာကျွေးတဲ့အခါ ဘေးမှာ ရေ/နို့ လိုမျိုး အရည် ရှိပါစေ။ ဝါးစားပြီး ကြားမှာ အရည် တိုက်ပေးပါ။ ပါးစပ်ထဲမှာ အစာတွေ ပလုပ်ပလောင်း ပြည့်မနေပါစေနဲ့။
– သွားမစုံသေးတဲ့ကလေးတွေမှာ အစာကို ချေပြီး ကျွေးပါ။
– Finger food တွေ ကျွေးမယ်ဆို လက်မဝက်လောက် အတုံးလေးတွေ တုံးပေးပြီးမှ ကျွေးသင့်ပါတယ်။
– အစေ့အဆန်, စပျစ်သီး, ချယ်ရီသီး, ခရမ်းချဉ်သီး အသေးလေးတွေ, ဟော့ဒေါ့, ဝက်/ကြက်အူချောင်း, ချိစ်အတုံးလေးတွေ စတာတွေကို ကလေး ကောင်းကောင်း ဝါးမြိုနိုင်မယ့် ပမာဏအထိ လှီးဖြတ် ချေမွပြီး ကျွေးပါ။
– ဥနီ, ဘရိုကိုလီ, ပဲသီး ဒီလို အသီးအရွက်တွေကိုလည်း ချက်ပြုတ်ပြီး ချေမွကျွေးသင့်ပါတယ်။
– ကြက်နဲ့ငါးရိုး သေးသေးလေးတွေ ကျွေးတဲ့ထဲ မပါအောင် ဂရုပြုရပါမယ်။
– ထောပတ်လို ခပ်ပျစ်ပျစ်အနှစ်မျိုး ကျွေးတဲ့အခါ ပေါင်မုန့်ပေါ် ပါးပါးဖြန့်သုတ်ပြီးမှ ကျွေးသင့်ပါတယ်။
– သွားရေစာရွေးချယ်ရာမှာ သတိထားဖို့လိုပါတယ်။ ပြောင်းဖူးပေါက်ပေါက်, ပီကေ, အစေ့အဆန်, ချိုချဉ်, marshmallows စတာတွေကို အသက်လေးနှစ်မကျော်ခင် မကျွေးသင့်ပါဘူး။
– ကလေးကို အစာသေချာဝါးစားပြီးမှ မြိုချဖို့ အကျင့်လုပ်သင်ကြားပေးပါ။
– သကြားလုံး, မြေပဲစေ့လို အစာတွေကို လေထဲပစ်မြှောက်ပြီး ပါးစပ်နဲ့ဖမ်းပြတဲ့ ကစားနည်းမျိုး မလုပ်ပါစေနဲ့။
– သွားပေါက်ချိန်မှာသုံးတဲ့ တချို့ဆေးတွေဟာ ထုံစေတတ်တဲ့အတွက် ကလေးအစာမြိုရာမှာ အနှောင့်အယှက် ဖြစ်စေပြီး သီးတတ်ပါတယ်။
ရင်သွေးတို့ အစာကဆေးဖြစ်ပါစေ။ ဘေးမဖြစ်ကြပါစေနဲ့။
ရေးသားသူ – ဒေါက်တာသက်ထားရွှေစင်ဝင်း
(ကလေးဆရာဝန်)